ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးရရှိရေး ကူညီဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ အဆိုပြုထား

၃၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ဆင်းရဲတဲ့ကမ္ဘာ့နိုင်ငံတွေ ကိုဗစ်ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေး ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ အတည်ပြုပေးဖို့ ဒါရိုက်တာဘုတ်အဖွဲ့ကို အဆိုပြုထားတယ်လို့ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှာ အရေးပေါ်တုံပြန်ရေးစီမံချက်တွေ ဖော်ဆောင်နေဖြစ်ပြီး ဒေါ်လာ ၁၂ ဘီလီယံ အဆိုပြုချက် အတည်ပြုလိုက်ပါက ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။

“ထိရောက်မှုရှိပြီး စိတ်ချရတဲ့ COVID-19 ကာကွယ်ဆေးက ကမ္ဘာကြီး ဘေးကင်းကင်းနဲ့ ပြန်အသက်ဝင်ဖို့အတွက် အောင်မြင်ရေးလမ်းကြောင်းဆီ ဦးတည်တာပါပဲ။ လူတွေအနေနဲ့ သူတို့ကိုယ်သူတို့ အသက်ရှင်နိုင်တယ် ၊ ပတ်ဝန်းကျင်နဲ့ ရင်းရင်းနှီးနှီးနေနိုင်တယ်၊ အလုပ်လုပ်နိုင်တယ်၊ ယုံကြည်မှုရှိရှိ ခရီသွားနိုင်တယ်လို့ ခံစားရတဲ့ အချိန်ထိ ကမ္ဘာ့စီးရေးက အပြည့်အဝ ပြန်ကောင်းနိုင်ဦးမှာ မဟုတ်သေးဘူး။”လို့ ကမ္ဘာ့ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ရန်ပုံငွေကို ၁၂လကနေ ၁၈လအထိ ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို စီးပွားဖြစ် ရောင်းဝယ်ခွင့် မရှိသေးပါဘူး။
ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးရရှိဖို့နဲ့ အဲ့ဒီနိုင်ငံတွေထဲကမှ အားနည်းထိခိုက်အလွယ်ဆုံးလူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးထိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ ဒေးဗစ်မယ်လ်ပက်စ်က ပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းလာချိန် ယခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ဘဏ္ဏာရေးထောက်ပံ့ရာမှာ ကမ္ဘာ့ဘဏ်ဟာ အမေရိကန်ဒေါ်လာ ၄၅ဘီလီယံအထိ စံချိန်တင် တိုးမြင့် အသုံးပြုခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

Ref : AFP