မတ်လ ၂၅
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်ထဲက တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၅) တည်ရှိရာ ကွင်းကောက်မြို့ အနီးဝန်းကျင်အထိ အာရက္ခတပ်တော် ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ကွင်းကောက်မြို့နဲ့ ၄ မိုင်ခန့်သာဝေးတဲ့ ပိန္ဒဲကွင်းရွာက တောရ ဆရာတော်တပါးက သူ့ရဲ့ facebook လူမှုကွန်ရက်ကတဆင့် ကျောင်းဝင်ထဲအထိ တိုက်ပွဲဟာ ရောက်လာပြီ ဖြစ်တယ်လို့ ဒီနေ့ညနေ ၅ နာရီ ၄၅ မိနစ်မှာ ရေးတင်ထားပါတယ်။
“စေတနာပန်းခင်းကျောင်းဝင်းထဲ … တွေရောက်နေပါပြီ – မိမိတို့ကတော့ လွတ်ရုံပဲ ရှိပါတယ် – ပိန္နဲကွင်းသားတွေ သတိထားပါ – ကွင်းကောက် သတိထားပါ – “ လို့ ရေးသားထားပါတယ်။
ဒီတပတ်အတွင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် နဲ့ ဟင်္သာတ ခရိုင် လေးမျက်နှာမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အင်္ဂပူမြို့နယ်ထဲအထိ လျှင်လျှင်မြန်မြန် ကူးစက်လာနေတာ ဖြစ်ပါတယ်။
ကွင်းကောက်မြို့ဟာ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် (၅) တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။
“ဒီမှာတော့ လူက တော်တော်နည်းသွားပြီ ၊ လမ်းပေါ်မှာလည်း လူမရှိဘူး ၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေကျ ဟင်္သာတကို ရွှေ့ထားကြပြီ ၊ မြို့မှာ အရောင်းအ ဝယ်လည်း အသွားပြီ ၊ ဆိုင်တော်တော်များများလည်း ပိတ်ထားကြတယ်”လို့ ကွင်းကောက်က ဈေးသည်တဦးက DNA ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ လက်နက်ငယ်သံ ၊ လက်နက်ကြီးသံတချို့ ကွင်းကောက်မြို့ပေါ်က ကြားနေရပြီလို့ ဆိုပါတယ် ။ ကွင်းကောက်မြို့ ဝန်းကျင်မှာ ရှိတဲ့ ပိန္နဲကွင်း၊ခြင်ကိုက်ကွင်း၊ကြက်ပေါင်ကုန်း၊ သံပုရာကုန်း ၊ စာစီကုန်း၊တောင်ဇင်း စတဲ့ရွာတွေဟာ စစ်ပွဲဧရိယာအတွင်း ရောက်ရှိနေပြီလို့ သိရပါတယ်။
ရခိုင်ရိုးမတောင်ခြေရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ရာကနေ အခုဆိုရင် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ကျော်လာပြီး ကားလမ်းမ အရှေ့ဘက်ခြမ်းရွာတွေ အထိရောက်လာခဲ့တာ ဖြစ်ပါတယ်။
#ကွင်းကောက် #ဧရာဝတီ #တိုက်ပွဲပြင်းထန် #DeltaNewsAgency