မတ်လ ၂၇
ဧရာဝတီတိုင်း ၊ ကွင်းကောက်မြို့ အနီးမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ကူးစက်လာနေပြီး စစ်ပွဲအရှိန်ဟာ အလွန်လျှင်မြန်တာကြောင့် ဒေသခံတွေ စစ်ရှောင်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ် ။ ရက်သတ္တ တပတ်အတွင်းမှာ တိုက်ပွဲတွေဟာ ပုသိမ်ခရိုင် ထဲက သာပေါင်း၊ရေကြည်မြို့နယ်တွေကနေ ဟင်္သာတခရိုင်ထဲက လေးမျက် နှာ နဲ့ အင်္ဂပူမြို့နယ်ထဲအထိ ရောက်ရှိလာတာပါ။
“အင်္ဂပူအပိုင်ထဲမှာ ရှိတဲ့ ပြည်သူတွေက ကွင်းကောက်၊ခြောက်ရွာ၊တလုတ္ထော်၊ဟင်္သာတလမ်း ကြောင်းကနေ အထူးသဖြင့် ကွင်းကောက် ၊ ခြောက် ရွာလမ်းပေါ့ အတွင်းလမ်းခေါ်မှာပေါ့ အဲဒီလိုမျိုး ရှောင်စေချင်တယ်”လို့ အင်္ဂပူတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုဘိုဘိုဇင်က DNA ကိုပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ ပုသိမ်-မုံရွာ လမ်းနဲ့ အပြိုင် ဟင်္သာတ-အင်္ဂပူ-မြန်အောင် မြို့ချင်းဆက်လမ်း ရှိနေပြီး လက်ရှိအချိန်မှာ တိုက်ပွဲတွေဟာ ပုသိမ်-မုံရွာ ကားလမ်းမကို အနီးမှာ ဖြစ်ပေါ်နေတာပါ။
“ကွင်းကောက်ဘက်က ပြည်သူတွေ စစ်ရှောင်မယ်ဆိုရင် ခြောက်ရွာ ၊ တလုတ်ထော်လမ်းကို အသုံးပြုပါ ပိန္နဲကွင်း ၊ ပန်းတောကြီးလမ်းကို လုံးဝ မသွားကြပါနဲ့ ။ ပုသိမ် – မုံရွာ လမ်းမကြီးပေါ်တက်လာကြပါပြီ” ပိန္နဲကွင်း စေတနာပန်းခင်း ဆရာတော်က facebook မှာ ရေးသားထားပါတယ်။
တိုက်ပွဲက ပုသိမ်-မုံရွာကမ်းလမ်းဘေး ကြက်ပေါင် ကုန်းရွာအထိ ရောက်နေလို့ တိုက်ပွဲကြားကနေ ကားကိုလွတ်အောင် မောင်းပြေးလာခဲ့ရတယ်လို့လည်း ဆရာတော်က မျှဝေထားပါတယ်။
“ပုသိမ်-မုံရွာလမ်း အရှေ့ခြမ်းက ရွာတွေက အရေးပေါ် လက်တလော မရွှေ့ပြောင်းနိုင်ရင်တောင် အသင့်အနေအထား ကြိုတင်ပြင်ထားစေချင်တယ် ၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဘက်ကြားရောက်သွားရင် စစ်ရဲ့သဘောက မလွတ်ကင်းတာတွေ ရှိတတ် တယ်လို့” ကိုဘိုဘိုဇင်က ပြောပါတယ်။
ဒီနေ့ညနေ ၆ နာရီခွဲအချိန်အထိ ဆက်သွယ်လို့ရတဲ့ သတင်းတွေ အရ ပိန္နဲကွင်း ၊သံပုရာကွင်း နဲ့ ဂဝံမြို့ဟောင်း အနီး ဧရိယာတွေမှာ တိုက်ပွဲတွေ ရှိနေစဲလို့ သိရပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ နေပြည်တော်ကောင်စီ နယ်မြေမှာ တပ်မတော်နေ့ အခမ်းအနားကို ကျင်းပနေချိန်မှာပဲ ဧရာဝတီတိုင်းအတွင်းက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ တတက(၅) အနီး ၄ မိုင် ဝန်းကျင်အထိ တိုက်ပွဲတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
#ကွင်းကောက် #ဧရာဝတီ #စစ်ရှောင် #DeltaNewsAgency