မတ်လ ၂၇
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးထောက်တိုင်၊စီးပွားရေးထောက်တိုင်၊စည်းရုံးရေးထောက်တိုင်တွေရဲ့ စာရင်းကို ပြုစုထားပြီလို့ရေကြည်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ရဲ့ Facebook Pageကနေ မတ်လ ၂၆ ရက် မနေ့ညနေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“အဖွဲ့အစည်းနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် အချက်အလက်တိုင်းကို fact check / double check ပြုလုပ်ထားပါတယ်” လို့ ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက DNA ကိုပြောပါတယ်။
ဒီလို စာရင်းပြုစုရာမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်က စပြီး ဒီနေ့အချိန်အထိ စဉ်ဆက်မပြတ် စာရင်းပြုစုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာရင်းပြုစုထားတဲ့ အရေအတွက် အတိအကျ ဘယ်နှစ်ဦး ရှိပြီဆိုတာကိုတော့ သူက ထုတ်ဖေါ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
အခုလို ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်တာနဲ့ ပါတ်သက်ပြီး “တရားမဝင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုအပေါ်မှာ ဖိနှိပ်တဲ့သူတွေ ၊ ပြည်သူလူထုအပေါ်မှာ ဥပဒေနဲ့မညီပဲ တရားလက်လွတ် ဒုက္ခပေးခဲ့တဲ့သူ အကုန်လုံးသည် ကျွန်တော်တို့ အချိန်ကာလ တခုမှာ တူညီတဲ့ အကျိုးကျေးဇူး ကျိန်းသေ ခံစားရသင့်တယ်”လို့ ပုသိမ်ခရိုင်အတွင်းက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတဦးက မှတ်ချက်ပေးပါတယ်။
ရေကြည် ပကဖ အနေနဲ့ စာရင်းပြုစုထားသူတွေနဲ့ ပတ်သက်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာလည်း ဖေါ်ပြထားတာ မရှိပါဘူး။
ဌာနဆိုင်ရာ ထုတ်ပြန်ချက်တွေအရ ရေကြည်မြို့နယ်ထဲက ကျေးရွာပေါင်း ၄၁ ရွာ၊ ပြည် သူ့စစ်တပ်ဖွဲ့ဝင်အင်အား ၁၂၅၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ရဲစခန်း ၃ ခုနဲ့ ရဲတပ်ဖွဲ့ဝင်အင် အား ၁၃၈ ယောက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ရေကြည်မြို့နယ် အနောက်ဘက် အမြှောက်တပ် ၃၄၄ တည်ရှိရာ ပတ်ဝန်းကျင်မှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီတိုက် ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
#ရေကြည် #စစ်ကောင်စီထောက်တိုင် #ပကဖ #DeltaNewsAgency