ရေကြည် လက်ပံပင်ကျေးရွာတိုက်ပွဲမှာ MI 35 ရဟတ်ယာဉ်နဲ့ နှစ်ကြိမ် လာပစ်

 

မတ်လ ၂၆

ဒီနေ့ မတ်လ ၂၆ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၊ လက်ပံပင်ကျေးရွာ နဂါးရစ်ဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ညနေ ၄ နာရီခန့်က တကြိမ် ၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှာ တကြိမ် MI 35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်လာပစ်သွားတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“အသံတွေကတော့ လေးငါးခြောက်ချက်လောက်ဆင့်ပြီးကြားလိုက်ရတယ်။ လက်နက်ကြီးပစ်တဲ့အသံတွေလည်း ပါမယ်ထင်တယ်။ အခုတော့ လေယာဉ်က ပြန်သွားပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ရေကြည့်မြို့နယ် နဲ့ လေးမျက်နှာမြို့ နယ်ထဲက ရွာတချို့မှာ ရွာသားတွေ ပိတ်မိနေတာမျိုးတွေ ရှိနေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။လောလောဆယ် ဒီနေ့ညနေ လေယာဉ်နဲ့ လာပစ်သွားလို့ ထိခိုက်ပျက်ဆီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး ။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာတော့ စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျဉ်ဆံကြောင့် ရေကြည်မြို့နယ်ထဲက မကျီးကုန်းကျေးရွာမှာ ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသားတဦး ဒဏ်ရာရကာ နွားသုံးကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ DNA က စုံစမ်းနေစဲ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ အမျိုးသားကတော့ မကျီးကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးဖိုးဌေး ဖြစ်ပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ခြေထောက်တဖက် ဖြတ်တောက်ခဲ့ရတဲ့အပြင် လက်ချောင်း သုံးချောင်းလည်း ပြတ်တောက်သွားခဲ့လို့ ရေကြည်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့ ၂ ရက်ကတည်း အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဟာ မကျီးကုန်းကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဟာ ပုသိမ် – မုံရွာလမ်းမကြီးဘက်ကို ဆုတ်ခွာသွားခဲ့ပြီး ဒီနေ့မှာတော့ လက်ပံပင် ကျေးရွာ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။

#ရေကြည် #လက်ပံပင်ကျေးရွာ #ရဟတ်ယာဉ် #DeltaNewsAgency