မတ်၊ ၂၆
စစ်ကောင်စီတပ်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ကြားတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတဝိုက်ရှိ ပုသိမ်-မုံရွာ ကားလမ်းတလျှောက်က ကျေးရွာတွေဆီ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဆေးဝါးကိစ္စတော့ မသေချာပေမယ့် ဆန်နဲ့ဆီကတော့ အထဲမှာ လုံလုံလောက်လောက်မရှိရင် ပြတ်ထွက်သွားမှာ သေချာတယ်။ ဆန်၊ ဆီကို တင်းတင်းကြပ်ကြပ် ပိတ်ထားတယ်။ ကျွန်တော်တို့ အပြင်ကနေ ပို့တာတောင်မှ ဂိတ်ပိတ်ထားတာကို ဖြတ်ဖို့က တော်တော်ပေးရတယ်” လို့ ငါးသိုင်းချောင်း ဒေသတဝိုက်ကို စားနပ်ရိက္ခာ ပို့ဆောင်ပေးနေတဲ့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက DNA ကို ပြောပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းတလျှောက်နဲ့ အနီးအနားတဝိုက်မှာရှိတဲ့ စောပြာ၊ ဝတ်ကုန်း၊ ချင်းကုန်း၊ စမ်းကုန်း၊ ချင်းလယ်၊ တုံးတော၊ ကညင်တိုင် စတဲ့ ကျေးရွာတဝိုက်မှာ မတ်လ ၁၇ ရက်လောက်ကတည်းက အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကစပြီး ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာကနေ လေးမျက်နှာမြို့နယ်၊ ကျားကိုက်ကျေးရွာအထိ ပုသိမ် – မုံရွာလမ်း အနောက်ဘက်တကြောက ကျေးရွာပေါင်း သုံးဆယ်နီးပါးကို အဝင်အထွက် ကန့်သတ်ထားပါတယ်။
“ပိတ်မိတယ်လို့တော့မကြားဘူး၊ ရွှေ့ပြောင်းနေကြတယ်လို့တော့ကြားတယ်၊ ဒါပေမယ့် ကျနော်တို့က သတင်းတွေ တိတိကျကျမရဘူးဖြစ်နေတယ်” လို့လည်း ရေကြည်ဒေသခံတဦးက ပြောပါတယ်။
ရေကြည်နဲ့ လေးမျက်နှာကြားက အဲဒီဒေသတဝိုက်ရှိ ဒေသခံအများစုဟာ တိုက်ပွဲဖြစ်စကတည်း ဘေးလွတ်ရာပြောင်းရွှေ့နေကြပြီး ပိတ်မိနေသူတွေကိုလည်း AA ပူးပေါင်းတပ်တွေဘက်က ကယ်ထုတ်ပေးနေတာတွေရှိတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်က အခုလို ကန့်သတ်ပိတ်ဆို့တာတွေကြောင့် အဲဲဒီဒေသတွေမှာ ဆန်စျေးနှုန်း အဆမတန်တက်လာနိုင်တယ်လို့လည်း အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။
“မြေပြင်အခြေအနေက ဆန်ဈေးဘယ်လောက်လဲဆိုတာကို တိတိကျကျ မပြောနိုင်ပေမယ့် ကျွန်တော်တို့ဘက်ကနေ ဆန်တွေပို့တာ ဂိတ်တွေဖြတ်ရတော့ ဂိတ်မှာပေးရတာတွေနဲ့ မနောသုခ တောင်မှ တအိတ်ကို ၁၈ (တစ်သိန်းရှစ်သောင်း)လောက်မှ ကိုက်မယ့်သဘောဖြစ်နေပြီ” လို့လည်း သူက ပြောပါတယ်။
ပုံမှန်စျေးကွက်မှာတော့ မနောသုခလိုမျိုး ဆန်ကြမ်းတအိတ်ကို ရှစ်သောင်းဝန်းကျင်သာရှိပါတယ်။
“ကျွန်တော်ထင်တယ် သူတို့မှာ စပါးတွေတော့ရှိမှာပဲ၊ ဒါပေမယ့် ဒီအချိန် ဘယ်လိုကြိတ်ခွဲမလဲ၊ ထားခဲ့တော့လည်း တောကြောင်(သူခိုး)တွေကြောင့် ကုန်တာမျိုးလည်း ရှိနိုင်တယ်” လို့လည်း အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင်က DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ရေကြည်၊ လေးမျက်နှာနဲ့ သာပေါင်း မြို့နယ်သုံးခုမှာ အခု မတ်လ တတိယပတ်ကစပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာလို့ ဒေသခံ သုံးထောင်ကနေ ငါးထောင်လောက်အထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဧရာဝတီ လူငယ်သမဂ္ဂ တာဝန်ခံက DNA ကို ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေဆီ မြေပြင်စစ်ဆင်ရေးလုပ်တာထက် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
#ရေကြည် #လေးမျက်နှာ #စားနပ်ရိက္ခာ #ပိတ်ဆို့မှု #DeltaNewsAgency