မတ်၂၆
စစ်ကောင်စီတပ်က ရေနံသာဂိတ်ကို ပိတ်ထားတာကြောင့် ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ ကုန်းပြင် ကျေးရွာအုပ်စုထဲက ဒေသခံပြည်သူတွေဟာ ငသိုင်းချောင်းဘက်ကို လယ်ကွင်းတွေဆီကနေ ဖြတ်သန်း သွားလာနေရတယ်လို့ ငသိုင်းချောင်းမြို့ခံတဦးကပြောပါတယ်။
မော်တော်ယာဉ်တွေနဲ့ ဒေသခံပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို မကြာခဏကန့်သတ် ပိတ်ပင်လေ့ရှိ တဲ့ ဧရာဝတီနဲ့ရခိုင်အစပ်ရေနံသာဂိတ်ကို ဒီကနေ့မတ်လ ၂၆ ရက်ကစတင်ပြီး ၅ ရက်အကြာ ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကုန်း ပြင်ကျေးရွာအုပ်စုမှာ နေထိုင်သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်အစပ် ပုသိမ် – မုံရွာလမ်းအနောက်ဘက်ခြမ်းကျေးရွာတွေမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ရေနံသာဂိတ်ဘက်ကို ဆုတ်ခွာလာတာကြောင့် ကုန်းပြင်ကျေးရွာအုပ်စုထဲက အရပ်သား ပြည်သူတွေ စစ်ဘေးရှောင်နေကြတာပါ။
အနောက်ဘက် ကုန်းပြင်အပိုင်ထဲမှာရှိတဲ့ ရွာခံတွေ နေ့ချင်း ညချင်းရွှေ့နေကြတယ် လို့ ငသိုင်းချောင်း မြို့ခံကပြောပါတယ်။ ကုန်းပြင်ကျေးရွာအုပ်စုအပိုင်တစ်ခုလုံးမှာရှိတဲ့ ဒေသခံတွေဟာ မတ်လ ၂၄ ရက် ကစတင်ပြီး မော်တော်ကားတွေ ဆိုင်ကယ်တွေနဲ့ ပြောင်းရွှေ့နေတာကြောင့် အရေအတွက်ခန့်မှန်းဖို့ ခက်ခဲနေတယ်လို့ ဒေသခံကပြောပါတယ်။
ပြောင်းရွှေ့တာလာတဲ့စစ်ဘေးရှောင်တွေဟာ ငသိုင်းချောင်းမြို့အဝင်တံတားနားက ကျေးရွာတွေမှာ အ များဆုံးနေထိုင်ကြတယ်လို့ ငသိုင်းချောင်းမြို့ခံက ပြောပါတယ်။
“ မြို့နဲ့နည်းနည်းဝေးတဲ့ အရှေ့ဘက် ရွာတွေကို ပြောင်းလာကြတာပါ။ ဇရပ်လှဘက်ပေါ့ “ လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ကန့်သက်ပိတ်ပင်ထားတဲ့ ရေနံသာဂိတ်ဟာ ငသိုင်းချောင်း – ဂွ (ရခိုင်ပြည်နယ်) လမ်းပိုင်းနဲ့ ပုသိမ် – မုံရွာလမ်းပိုင်း ဆုံတဲ့တည်နေရာမှာရှိတဲ့အပြင် စစ် ကောင်စီတပ်ရဲ့ အမြှောက်တပ် ၃၄၄ နဲ့လည်း ၄ မိုင်သာကွာဝေးပါတယ်။
ငသိုင်းချောင်းမြို့နဲ့မိုင်ငါးဆယ်စွန်းစွန်းသာကွာဝေးတဲ့ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို AAကသိမ်းပိုက်ထားပြီး လတ်တလောမှာလည်း ရခိုင်နဲ့ဧရာဝတီ ဆက်စပ်ဒေသတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
#ရေနံသာဂိတ် #ဧရာဝတီတိုင်း #စစ်ဘေးရှောင် #DeltaNewsAgency
ပုံစာ – ဧရာဝတီနဲ့ရခိုင်အစပ်ရေနံသာစစ်ဆေးရေးဂိတ်