မအူပင်မှာ ရခိုင်​ပြန်တစ်ဦး ဆေးရုံကိုပို့စဉ် ထွက်ပြေး

၂၉ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

ရခိုင်ပြန်အမျိုးသားတစ်ဦးဟာ မအူပင်ဆေးရုံဆီ ပို့ဆောင်ခံရစဥ် ထွက်ပြေးသွားခဲ့တယ်လို့ COVID-19ရောဂါထိန်းချုပ်ရေးနဲ့ အချိန်မီတုံပြန်ရေး ကော်မတီက ပြောပါတယ်။

အဲဒီအမျိုးသားဟာ ကိုယ်အပူချိန် မြင့်နေလို့ မအူပင်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်စဉ် ဆေးရုံအ၀မှာ ထွက်ပြေးခဲ့တာ ဖြစ်ပြီး မအူပင်​မြို့အမှတ်၊၉ရပ်ကွက်၊အောင်မေတ္တာလမ်းမှာ ပြန်လည်ဖမ်းဆီး ရမိခဲ့ပါတယ်။

“ အပူချိန်က ၉၉ ဒဿမ ၆ ဖာရင်ဟိုက် ရှိနေတာကြောင့် ဆေးရုံမှာကုသ ဖို့လိုအပ်ပါတယ် အသက်ရှုကြပ်တာတို့ ချောင်းဆိုးတာတို့လို အခြားရောဂါလက္ခာတွေမရှိပါဘူး”လို့ မအူပင်ပြည်သူ့ဆေးရုံမှ ဒေါက်တာစန်းဦး ကပြော​ပါတယ်။

မအူပင်မြို့နယ် ထနီး ကျေးရွာအုပ်စု အတွင်းနေထိုင်တဲ့ အဲ့ဒီအမျိုးသားဟာ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာချိန်မှာပဲ မအူပင်မြို့ ကွာရန်တင်းစင်တာမှာ စောင့်ကြည့်ခံနေရတာ ဖြစ်တယ်လို့ ထနီးကျေးရွာဒေသခံ ဦးရွေသန်းနိုင်က ပြောပါတယ်။

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအတွင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် မြို့နယ် အသီးသီးက ရောက်ရှိလာသူ (၆၉)ဦး ရှိပြီး သက်ဆိုင်ရာကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်ထားတယ်လို့ ဧရာဝတီတိုင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။