မိန်းမကို သတ်ပြီးရမ်းကားသူကို ရဲသုံးယောက်ဝင်ဖမ်းရာမှာ အသီးသီးဒဏ်ရာရ

၂၉ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

မိန်းမကို ဓားနဲ့ထိုးတဲ့ တရားခံကို သွားဖမ်းတဲ့ ရဲသုံးဦး ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲမှုးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

“အမျိုးသမီးကအခင်းဖြစ် နေရာမှာ သေဆုံးပြီး ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေသူတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး ၊ ကျူးလွန်သူကိုလည်း သက်သေခံလက်နက်နဲ့ဖမ်းမိပါ တယ်”လို့ ပြောခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဆင်ကူးကျေးရွာက ဦးဖိုးတက်က သူ့ဇနီးဖြစ်သူ ဓော်မော်မော်သန်းကို ဓားနဲ့ထိုးခဲ့ပြီး ဓားကိုင်ရမ်းကားနေတဲ့အတွက် ဝင်ရောက်ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင် ၃ယောက် ဒဏ်ရာရခဲ့ပြီး မအူပင်ခရိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတာပါ။

ရဲဒုတပ်ကြပ် အောင်ဇော်ထွန်း ၊ရဲတပ်သား အောင်ဆန်းမင်း၊ ရဲ တပ်သားရဲနိုင်ထွန်း တို့က အသားကြေ ၊လက်ညိုးကျိုး၊ နောက်ကျောဘက် ပြတ်ရှ ဒါဏ်ရာ အသီးသီးရရှိပြီး ကျူးလွန်သူ ဦးဖိုးတက် ကတော့ ဦးခေါင်း ၊လည်ဂုတ်၊ ၀မ်းဗိုက်၊ရင်ဘတ် စတဲ့ နေရာတွေ မှာပြတ်ရှထိုးသွင်း ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။

လူသတ် ဓါးကိုင် ရမ်းကားပြီး ရဲတပ်ဖွဲ့၀င်တွေကို တုံပြန်တိုက်ခိုက်သူ ဦးဖိုးတက်ကို ကျွဲဒုန်းနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ (၃၀၂)နဲ့ အမှုဖွင့် ဆောင်ရွက်တဲ့အပြင် ရဲတပ်ဖွဲ့၀င်တွေကို ဒါဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။