ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝန်းကစိုက်ပျိုးရေးကဏ္ဍမှာ ရုရှားနိုင်ငံထုတ် ရွက်ဖြန်းမြေဩဇာတွေကို စစ် ကောင်စီက မဖြစ်မနေ အသုံးပြုခိုင်းဖို့ပြင်ဆင်နေတယ်လို့ ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာနနဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
လယ်ဧကပိုင်ဆိုင်မှုအပေါ်မူတည်ပြီး ရုရှားနိုင်ငံထုတ် ရွက်ဖြန်းမြေဩဇာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က နေတစ်ဆင့် တောင်သူတွေမဖြစ်မနေဝယ်ယူအသုံးပြုဖို့ ဖိအားပေးရောင်းချသွားမယ့်အနေအထားလို့ သူကဆက်ပြောပါတယ်။
“သန်းရွှေခေတ်တုန်းက ဓာတ်မြေဩဇာတွေ ၊ ပိုးသတ်ဆေးတွေကို ဒီလိုမျိုးခွဲတမ်းအလိုက် မဖြစ်မနေရောင်းခဲ့ဖူးတယ်” လို့ ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာနနဲ့နီးစပ်တဲ့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှားတွေဟာ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဆီကို ဝင်ထွက်သွားလာနေတယ်လို့ သူကဆိုပါတယ်။ မကြာသေးခင် ရက်ပိုင်းကကန်ကြီးဒေါင့်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း တောင်သူလယ် သမားနေ့အခမ်းအနားကိုလည်း ရုရှားနိုင်ငံအခြေစိုက် စိုက်ပျိုးရေးကုမ္ပဏီတချို့က တာဝန်ရှိတဲ့ ရုရှား နိုင်ငံသား တွေ တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စိုက်ပျိုးရေးသုံးပစ္စည်းထုတ်လုပ်တဲ့ ရုရှားကုမ္ပဏီ RUMA ORGANIC က သူတို့ရဲ့ ထုတ်ကုန် တွေကို ဧရာဝတီတိုင်းနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ RUMA ORGANIC ကုမ္ပဏီဟာ အာာဏာသိမ်းကာလ အတွင်း၂၀၂၃ ခုနှစ်ကမှ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာခဲ့တာပါ။
ဒီကုမ္ပဏီဟာ ဧရာဝတီ တိုင်းမှာ ရုရှားနေကြာမျိုးစေ့တွေကို ဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက် မိတ်ဆက်တာ တွေလုပ် ဆောင်နေတယ်လို့ လည်း စိုက်ပျိုးရေးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
ရုရှားကုမ္ပဏီဖြစ်တဲ့ RUMA ORGANIC ကတော့ သူတို့အနေနဲ့ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပြင်ဦးလွင် ဒေသမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာ အောင်မြင်တွေရရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒါ့ပြင် သဘာဝမြေဩဇာနဲ့ အပင်ကြီးထွားအားဆေးရည်ကို နေပြည်တော်မှာ စက်ရုံတည် ဆောက်ပြီး ထုတ်လုပ် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ကလည်း ရုရှားရင်းနှီးမြှုပ်နှံမှု RC Investment ရဲ့ သဘာဝမြေဩဇာရွက်ဖျန်း အားဆေးရည်ထုတ်စက်ရုံစီမံကိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ခွင့်ပြုချက်ပေးထားပါတယ်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က တောင်သူတဦးကတော့ ဧကအလိုက် ခွဲတမ်းနဲ့အဖြစ်မနေဝယ်ယူရတဲ့စနစ်နဲ့ ရောင်းချတဲ့ဓာတ်မြေဩဇာတွေကို သူရဦးရွှေမန်း ဧရာဝတီတိုင်းမှူးတာဝန်ယူစဉ်က အသုံးပြုခဲ့ဖူးတယ်လို့ ပြောပါတယ်။
“ငါတို့ လယ်ထဲသုံးမရလို့ ဓာတ်ဆားအိပ် (ဓာတ်မြေဩဇာ) တွေကို အုန်းပင်ခြေမှာ ဒီတိုင်းပုံထားခဲ့ရတာ” လို့ သူကပြောပါတယ်။
ဒါ့ပြင် စက်သုံးဒီဇယ်တွေကိုလည်း ခွဲတမ်းအနေနဲ့ မဖြစ်မနေဝယ်ယူခဲ့ရဖူးတယ်လို့ သူကဆက်ပြောပါတယ်။ စက်သုံးဒီဇယ်တွေကလည်း အရည်အသွေးမမီတာကြောင့် အင်ဂျင်ပျက်စီးတာကိုပဲမကြာမကြာ ကြုံတွေ့ခဲ့ရတယ်လို့ ခွဲတမ်းအရ ဝယ်ယူရတဲ့ လယ်ယာသုံးထုတ်ကုန်တွေနဲ့ပတ်သက်လို့ အဲ့ဒီတောင်သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ကဏ္ဍအသီးသီး မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခဲ့ပြီး လတ်တလောမှာလည်း အာဏာသိမ်းစစ်တပ်မင်းအောင်လှိုင်က ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့တွေ့ဆုံထားပါတယ်။
ရုရှားနဲ့ မြန်မာခေါင်းဆောင်တွေကြား မဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်မယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့တယ်လို့ သမ္မတပူတင်ကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုခဲ့တာကြောင့် လှောင်ပြောင်ဝေဖန်မှုတွေရှိနေတဲ့ အဲ့ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကဏ္ဍ ပေါင်းစုံ သဘောတူညီချက်နဲ့နားလည်မှုစာချွန်လွှာတွေကိုရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်တွေအရတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ပညာရေး၊ အကောက်ခွန်၊ ၊ ယဉ်ကျေးမှုနဲ့အားကစား၊ အဏုမြူစွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန် သွယ်မှုတိုးမြှင့်ရေး၊ စက်မှု၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးစတဲ့ကဏ္ဍတွေကို သဘောတူလက်မှတ်ရေး ထိုးတာ၊ အပြန်အလှန် ဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။