ဧရာဝတီက စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိ လူငယ်တွေကိုခရီးဝေးထောက်ခံစာထုတ်မပေးဖို့ စစ်ကောင်စီ ညွှန်ကြားထား

Photo – စစ်ကောင်စီ

မတ်၊ ၅

စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရဖို့ အသက်အရွယ်အရ အကျုံးဝင်နေတဲ့ ဧရာဝတီတိုင်းဒေသခံ လူငယ်တွေ အတွက် ခရီးသွားလာခွင့် ထောက်ခံစာတွေ ထုတ်မပေးဖို့ စစ်ကောင်စီကညွှန်ကြားထားတယ်လို့ ဒေသတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက စုံစမ်းသိရရှိရပါတယ်။

ဒီညွှန်ကြားချက်ကို အခုနှစ်ဆန်းပိုင်းကစလို့ နှုတ်မိန့်အဖြစ် ညွှန်ကြားနေတာဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်ပိုင်း မှာတော့ တချို့ဒေသတွေဆီကို အမိန့်စာတွေပါ ရောက်လာတယ်လို့ သူတို့ကပြောကြပါတယ်။

“ကျွန်တော်တို့ဆီတော့ စာမရောက်သေးပါဘူး ဒါပေမယ့် ခရီးဝေးသွားဖို့ ထောက်ခံစာလာတောင်းတဲ့သူတွေကို အသေအချာစစ်မေးဖို့နဲ့ နယ်စပ်ဘက်တွေသွားမယ့်သူတွေဆိုရင် ရဲစခန်းကို အကြောင်းကြားဖို့ဆိုတာမျိုး ပြော ထားတာ ကြာပြီ ” လို့ ဟင်္သာတမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး တဦးက DNAကိုပြောပါတယ်။

နအဖ စစ်အစိုးရလက်ထက်ကတည်းက ပြဌာန်းခဲ့ပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါ ရီ ၁၀ရက်မှာ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရဆိုရင်တော့ အသက် ၁၈နှစ်ပြည့်ပြီးသူတွေကစလို့ အသက် ၄၅ နှစ်အရွယ် အမျိုးသား၊၃၅နှစ်အရွယ်အမျိုးသမီးတွေအထိ စစ်မှုထမ်းဖို့အကျုံးဝင်နေတာပါ။

အဲ့ဒီဥပဒေအသက်သွင်းပြီးနောက်တနှစ်အကြာ အခုနှစ်မှာ ဆက်လက်ပြဌာန်းတဲ့ စစ်မှုထမ်းနည်းဥပဒေမှာလည်း အရေးပေါ်အခြေအနေပေါ်ပေါက်လာရင် စစ်မှုထမ်းရမယ့်အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါသေးတယ်။

အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့စီစဉ်နေပြီဆိုတဲ့ သတင်းတွေကို စစ်ကောင်စီက အကြိမ်ကြိမ်ငြင်းဆိုနေဆဲ ဖြစ် ပေမယ့် လက်ရှိဧရာဝတီတိုင်း ဒေသတချို့မှာတော့ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့အရွယ်ဆိုရင် အမျိုးသမီး တွေ ကိုပါ ခရီး ဝေးသွားလာခွင့်မပြုဖို့ညွှန်ကြားချက်တွေရှိနေတာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသိုင်း အဝိုင်းက ဆိုပါတယ်။

အဲ့ဒီညွှန်ကြားချက်ကိုတော့ မြို့နယ်ထွေအုပ်တွေဆီက သိရတာဖြစ်လို့ အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့် ညွှန် ကြားတာ ဟုတ် မဟုတ်ကိုတော့ တိတိကျကျမပြောနိုင်ဘူးလို့ သူတို့က ပြောပါတယ်။

ဧရာဝတီတိုင်းထဲက တချို့ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကတော့ ဒီအခြေအနေတွေပေါ်မှာ အခွင့်ကောင်းယူပြီး ထောက်ခံစာတွေအတွက် အခကြေးငွေ အများကြီးတောင်းခံတာမျိုးတွေ ပြုလုပ်နေကြတယ်လို့လည်း DNA က ဆက်သွယ်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။

အာဏာသိမ်းကာလ လေးနှစ်အတွင်း အချိန်အများစုမှာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တဲ့ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ နှစ် ကုန်ပိုင်းနဲ့အခုနှစ်ဆန်းပိုင်းတွေအတွင်း တိုက်ပွဲတွေရှိလာသလို စစ်မှုထမ်းစုဆောင်းမှုကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာတဲ့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့က စစ်မှုထမ်းဥပဒေကို မလိုလား တဲ့အကြောင်း ဖွင့်ဟပြောဆိုလာတာတွေလည်းရှိလာပါတယ်။

အလားတူ တဖက်မှာလည်း စစ်ကောင်စီအလိုကျဆောင်ရွက်ရုံသာမက စစ်မှုထမ်းကိစ္စကို အမှီပြုပြီး ကိုယ်ကျိုး စီးပွားရှာနေကြသူတွေလည်း အများအပြားရှိနေတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်း၊ ဧရာဝတီ ဒေသ ခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားတော့မယ်ဆိုပြီး ထုတ်ဖော် ပြောဆိုထားတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီအတွက် မတိုက်ခိုက်ပေးလိုတဲ့ လူငယ်တွေ အ နေနဲ့ သူတို့တပ်ဖွဲ့တွေဆီချိတ်ဆက်ကြဖို့၊တိမ်းရှောင်လိုရင်လည်း ဆက်သွယ်အကူအညီတောင်းကြဖို့ အသိပေး ထားတာတွေရှိပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ “ ကျွန်တော်တို့ကို ချိတ်ဆက်ဖို့ပါပဲ။ ကျွန်တော်တို့မှာ လမ်းကြောင်းတွေရှိပါတယ်။ စစ်မှုထမ်းရှောင်ဖို့ကို ကျွန်တော်တို့ တောက်လျှောက် လုပ်ပေးနေတာရှိပါတယ် ” လို့ DNA ကိုပြောပါတယ်။

ဧရာဝတီတိုင်းမှာ ခရိုင် ၆ ခု၊ မြို့နယ် ၂၆ ခု၊ မြို့ ၄၅ မြို့၊ ရပ်ကွက် ၃၀၀၊ ကျေးရွာအုပ်စု ၁,၉၁၄ ခုနဲ့ ကျေးရွာပေါင်း ၁၁,၆၈၄ ရွာရှိပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းမှာ လူဦးရေ ၆ သန်းကျော်ရှိပြီး အသက် အုပ်စုအလိုက် ခွဲခြားနိုင် မှုအရ လက်ရှိအချိန်မှာ စစ်မှုထမ်းဥပဒေပါ အသက်အရွယ်တွင်းမှာရှိတဲ့သူတွေဟာ ၅ သိန်းဝန်းကျင်ရှိနိုင်တယ်လို့ ယူဆရပါတယ်။

အဲ့ဒီအထဲကဒေသခံလူငယ်အများအပြား အခြေအနေအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားကြသလို စစ်မှုထမ်း ကင်း လွတ်ခွင့်နဲ့ အကျုံးဝင်နေသူတွေလည်းရှိနေတာကြောင့် အဲ့ဒီအရေအတွက်ကိုဖယ်လိုက်မယ်ဆိုရင်တောင် ဧရာ ဝတီတိုင်းမှာ စစ်မှုထမ်းရနိုင်တဲ့ အသက်အရွယ်ရှိသူလူငယ် နှစ်သိန်းဝန်းကျင်လောက်ရှိနေနိုင်သေးတယ်လို့ ဒေသခံကိုယ်စားလှယ်တချို့က ခန့်မှန်းပါတယ်။