စစ်ရေးတင်းမာလာတဲ့ ဧရာဝတီတိုင်းမှာ နိုင်ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်လို့ PPNM ပြော

 

ဖေဖော်ဝါရီ၊ ၅

ဧရာဝတီတိုင်းမှာ စစ်ရေးတင်းမာလာနေလို့ စစ်ကောင်စီဟာ ဒေသတွင်း အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကိုပိုမိုဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိအချိန်မှာဆိုရင်ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာလာတဲ့နောက်ပိုင်း ပုသိမ်အကျဉ်း ထောင်မှာ လုံခြုံရေးတင်းကြပ်မှုတွေရှိလာတယ်လို့လည်း PPNMက ဖေဖော်ဝါရီလ၄ရက်က ထုတ်ပြန်ထားပါတယ်။

ပုသိမ်အကျဉ်းထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆေးဝါးနဲ့ စာအုပ်ပေးပို့တာကို အကျဉ်းထောင်အာဏာပိုင်တွေက ကန့်သက်လိုက်ကြပါတယ်။ ဒါ့အပြင် ပါဆယ်ပေးပို့ရာမှာလည်း ဟင်း ၃ မျိုးနဲ့ ကော်ဖီ ၇ ထုပ်သာ ပေးပို့ခွင့်ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကျဉ်းထောင်အားလုံးမှာ မတူညီတဲ့ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတာပါ။ ဧရာဝတီတိုင်းက လက်ရှိ စစ် ရေးတင်းမာလာတာကြောင့် ပိုတောင်မှ ဖိနှိပ်မှုတွေကို ရင်ဆိုင်လာရဖို့ပဲရှိပါတယ် ဟု ဦးသိုက်ထွန်းဦး ကပြောပါတယ်။

အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်း သားတွေရဲ့ မိသားစုဝင်တွေဟာလည်း အကျဉ်းထောင်အတွင်းကို ပုံမှန်ပါဆယ်ပို့နိုင်တဲ့ အခြေအနေမရှိ တော့ဘူးလို့လည်းသူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာဆိုရင်တော့ ပုသိမ် ၊ မြောင်းမြ၊ဟင်္သတနဲ့ မအူပင်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေဟာ နေရာထိုင်ခင်းအခက်အခဲ ၊ အစားအ သောက်အခက်အခဲအပြင် သောက်သုံးရေမရလို့ ချိုးရေကိုပဲ သောက်နေရတယ်လို့ PPNMကဆိုပါတယ်။

ဒါ့အပြင်ချိုးရေဟာ ခဲဓာတ်ပါဝင်တာကြောင့် အသက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လမ်းမလျောက်နိုင်တဲ့ ပြဿနာတွေလည်း ရင်ဆိုင်နေရပါတယ်။  ထောင်ထဲမှာ ဆေးဝါးအလုံအလောက်မရှိတာ ကြောင့်လည်းပွေး ၊ ဝဲ ၊ ယားနာတွေ ကူးစက်နေတယ်လို့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့  ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အာရက္ခတပ်တော်(AA)က ဧရာဝတီအစပ် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် ပုသိမ်၊ရေကြည်၊သာပေါင်းစတဲ့မြို့နယ်တွေကို မဟာမိတ်တွေနဲ့အတူထိုးစစ်ဆင်လာပြီး စစ်ကောင်စီ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားတာပါ။

လက်ရှိအချိန်မှာလည်း သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။