ဧရာဝတီတိုင်း ဒေသတချို့မှာ သမချေးငွေတွေကို အတိုးအရင်းပေါင်းပြန်ဆပ်ဖို့ ဖိအားပေးခံနေရ 

Photo – Google

မတ်၊ ၃

ဧရာဝတီတိုင်းအတွင်း ဒေသတချို့က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရတွေလက်ထက်က ချေးယူခဲ့တဲ့ သမချေးငွေတွေကို အတိုးအရင်းပေါင်းပြီးပြန်ဆပ်ဖို့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးနေ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ဒါကရပ်သွားတာကြာနေပြီ ၂၁ နှောင်းပိုင်းကတည်းကပဲ။ ကျွန်တော်တို့အဖွဲ့မှာ ဆပ်ဖို့က သိန်း ၅၀ ဝန်းကျင် လောက်ပဲကျန်တော့ပေမယ့် သိန်း ၂၀၀ ကျော်တယ်ရှိသေးတယ်ဆိုပြီး ဆပ်ဖို့ လက်မှတ်လာထိုးခိုင်းတာ ” လို့ ဟင်္သာတမြို့နယ်တလုပ်ထော်ကျေးရွာဒေသခံ တဦးက ဆိုပါတယ်။

ဝိုင်းကြီးချုပ်စနစ်နဲ့ ထုတ်ချေးခဲ့တဲ့ အဲ့ဒီချေးငွေတွေ ရယူစဉ်က တဖွဲ့တည်းအဖြစ် သတ်မှတ်ထားသူတွေထဲက တ ချို့ဟာလည်း လက်ရှိသက်ဆိုင်ရာ ဒေသတွေမှာမရှိကြတော့တာကြောင့် ကျန်နေသူတွေက ဝိုင်းပြီးဆပ်ပေးရမယ့် အခြေအနေဖြစ်နေပြီး အတိုး၊အရင်းပေါင်းဆပ်ဖို့ ဖိအားပေးလာတာကြောင့် ပြန်ဆပ်နိုင်ဖို့အခက်အခဲတွေရှိနေ တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း စစ်ကောင်စီက ဖိအားပေးပြီး ပြန်ဆပ်ခိုင်းနေတဲ့ အချိန်ဖြစ် တာကြောင့် ဒီသမချေးငွေကိစ္စကလည်း တောင်သူလယ်သမားတွေအတွက် ဝန်တခုထပ်ဖိလိုက်သလို ဖြစ်နေ တာပါ။ 

ပြီးခဲ့တဲ့ အရပ်သားအစိုးရနှစ်ဆက်ကာလတွေအတွင်းအကောင်အထည်ဖော်ခဲ့တဲ့ အဲ့ဒီချေးငွေတွေကို ပြန်ဆပ်ကြဖို့ အာဏာစိမ်းစစ်ကောင်စီလက်ထက်မှာ ဖိအားပေးခြိမ်းခြောက်ခံရတာတွေအပြင် သမချေးငွေပြန်မဆပ်နိုင်လို့ဆိုပြီး ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တုန်းကတော့ အဲ့ဒီသမချေးငွေရယူထားသူတွေအပေါ် အစိုးရဌာနဆိုင်ရာတွေနဲ့ ချေးငွေ ကုမ္ပဏီတွေဘက်က ဖြေလျှော့မှုတချို့လုပ်ပေးခဲ့တာရှိပါတယ်။ဒါ့အပြင် အာဏာ သိမ်းမှုနောက်ပိုင်းမှာလည်း ပြည်ပချေးငွေ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတချို့က လက်ကျန်အကြွေးတွေကို လျှော်ပြီး လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်သွားတာမျိုးတွေရှိခဲ့တာပါ။

 “မဆပ်ရင် ဖမ်းမယ်ဆိုတာမျိုး ပြောတာတွေလည်း ရှိတယ်လို့ ကြားတယ်။ ဒါက လူတွေကို ဒုက္ခတောထဲ ဆွဲသွင်း နေတာနဲ့ အတူတူပဲ ” လို့ ဟင်္သာတခရိုင်အတွင်း လယ်သမားအရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေသူ တဦး က ပြောပါတယ်။

လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်း လည်ပတ်နေတဲ့ ချေးငွေ ကုမ္ပဏီတွေလည်းရှိနေပေမယ့် အခုလိုမျိုး ချေး ငွေပြန်ဆပ်ဖို့ ဖိ အားပေးနေတဲ့ ကုမ္ပဏီကတော့ လေးနှစ်ကျော်လောက် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ကုမ္ပဏီတခုဖြစ်တယ်လို့ သိရပါတယ်။

စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းတွေမှာ သွင်းအားစုတွေ ဈေး နှစ်ဆနီးပါး တက်သွားခဲ့ပြီး ထုတ်ကုန်တွေကို ရောင်း ချရာမှာ ဈေးမရတာ၊ စစ်မှုထမ်းထောက်ပံ့ကြေးတွေ ပေးနေရတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက် နေတာ ကြောင့် အခက်ကြုံနေရချိန်မှာ အခုလိုသမချေးငွေတွေပြန်ဆပ်ဖို့ ဖိအားပေးခံနေရတာလို့ ဧရာဝတီဒေသခံတွေက ပြောပါတယ်။

အသေးစား၊ အလတ်စားချေးငွေလို့ခေါ်တဲ့ သမချေးငွေ (Microfinance) ကို ၂၀၁၁ ခုနှစ်မှာ ဝိုင်းကြီးချုပ်စနစ်နဲ့ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ 

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (MSMEs)နဲ့ တောင်သူလယ်သမားတွေအတွက် အဓိကဦးတည်တဲ့ ဒီချေးငွေတွေကြောင့် အသေးစား၊ အလတ်စား အမျိုးသမီးလုပ်ငန်းရှင်တွေ အများအပြား ပေါ်ပေါက်လာခဲ့သလို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေအတွက် အထောက်အပံ့တွေ ဖြစ်စေခဲ့ပါတယ်။