
ဖေဖော်ဝါရီ၊ ၅
ဧရာဝတီတိုင်းရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ မှာစတုတ္ထတန်း(Grade-4) ကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာကြောင့် အသိပညာပေးဟောပြောတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငသိုင်းချောင်းမြို့အပိုင် သောင်ရွာကနေ ငသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(အလကခွဲ)ကျောင်းကို လာရောက်ပညာသင်ကြားနေတဲ့ G-4ကျောင်းသူတဦးဟာ တရွာတည်းနေထိုင်သူ အမျိုးသား ၂ ဦးရဲ့ အဓမ္မကျင့်တာကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ နောက်ဆုံးအပတ်က အထက်ပါမူလတန်းကျောင်းသူ နေထိုင်ရာကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့လည်း ဒေသခံတွေကဆိုပါတယ်။
အဲဒီနောက်မိဘတွေအနေနဲ့ သားသမီးတွေကို ဂရုစိုက်ဖို့ ငသိုင်းချောင်းနယ်မြေရဲစခန်းက ဖေဖော်ဝါရီလ ၄ ရက်မှာအလကခွဲကျောင်းမှာ လာရောက်ပြီး ဟောပြောဆွေးနွေးမှုလုပ်ခဲ့တာပါ။
“မိဘတွေအနေနဲ့ သား သမီးတွေကို ပိုပြီးဂရုစိုက်ဖို့အဓိကပြောတာပါ”လို့ ဟောပြောပွဲတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ အဓမ္ပြုကျင့်ခဲ့သူနှစ်ဦးအနက် တဦးကိုဖမ်းမိထားတယ်လို့လည်းသိရပါတယ်။
“ကလေးက ကျောင်းမှာ မျက်နှာမကောင်းတော့ ဆရာမတွေက ဘာဖြစ်တာလဲမေးရင်းနဲ့ သိရတာ။ ဆရာ မတွေနဲ့ မိဘတွေပေါင်းပြီး ရဲတိုင်တော့ တယောက်ကို ဖမ်းမိတယ်။ တယောက်ကတော့ မမိသေးဘူး”လို့ ငသိုင်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဖမ်းဆီးထားတဲ့တယောက်ကို ရဲတွေက စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ငသိုင်းခချောင်းမြို့အပိုင်ထဲမှာတော့ မူလတန်းလွန်ကျောင်း ၈ ခုထိရှိတယ်လို့လည်းသိရပါတယ်။
၂၀၂၄ ခုနှစ်ဌာနဆိုင်ရာထုတ်ပြန်ချက်တွေအရ ငသိုင်းချောင်းမြို့အပိုင်ထဲက မူလတန်းလွန်ကျောင်း ၈ ခုမှာ ကျောင်းသား ၊ ကျောင်းသူတထောင်ကျော်တက်ရောက်နေပြီးတော့ ဆရာ၊ ဆရာမ အင်အား ၉၅ ယောက်ရှိတယ်လို့ သိရပါတယ်။