အပတ်စဉ် ၆ စစ်သင်တန်းအတွက် အမျိုးသမီး(စစ်မေ)တွေကို အလေးထားခေါ်ယူမယ်လို့ ဧရာဝတီ PDFအသိပေး

Photo – AYA PDF
ဇန်နဝါရီ ၃၀
 
တိုင်းစစ်ဌာန (ဧရာဝတီ) ဧရာဝတီ PDFအမှတ် ၂၉ ဗျူဟာ က အပတ်စဉ် ၆ စစ်သင်တန်း အတွက် အမျိုးသမီး (စစ်မေ) တွေကို အထူးအလေးထားခေါ်ယူမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
စစ်သင်တန်းတက်ရောက်ခွင့်ရတဲ့အမျိုးသမီးတွေဟာ အခြေခံစစ်သင်တန်းပြီးဆုံးတဲ့အခါ အရည်အချင်း ၊ စိတ်ပါဝင်စားမှုနဲ့ လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်ပြီးတော့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဇန်နဝါရီ ၂၉ရက်စွဲနဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
 
အမျိုးသမီး (စစ်မေ) တွေ ထမ်းဆောင်ရမယ့်တာဝန်ကတော့ ချေမှုန်းရေးအပြင် ဆေးဌာန ၊ ဆက်သွယ်ရေးဌာန၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းဆိုပြီး တာဝန်အသီးသီးရှိပါတယ်။ လျောက်ထားလိုသူတွေက တော့ သက်မှတ်ချက် ၁၀ ခုနဲ့ ပြည့်စုံရင် လျောက်ထားနိုင်တယ်လို့ သိရပါတယ်။
 
အပတ်စဉ်၆စစ်သင်တန်းတက်ရောက်လိုသူတွေအတွက် သက်မှတ်ချက်စည်းကမ်းတွေနဲ့ စစ်သင်တန်း တက်ရောက်ဖို့ ဆက်သွယ်ရမယ့်လမ်းကြောင်းတွေကိုလည်းဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာရဲ့လူမှုကွန် ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
 
အပတ်စဉ် ၆ စစ်သင်တန်း အတွက် အမျိုးသမီး (စစ်မေ) တွေကို အထူးအလေးထားခေါ်ဆိုတာနဲ့ ပတ် သက်လို့ DNAက ဧရာဝတီ PDFအမှတ် ၂၉ ဗျူဟာ ကို ဆက်သွယ်သဘောထားမှတ်ချက် တောင်းခဲ့ပေမယ့် လက်တလောမဖြေဆိုနိုင်သေးဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
 
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊အာရက္ခတပ်တော် (AA)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေမှာတော့ အမျိုးသမီးတပ်ဖွဲ့ဝင်(စစ်မေ)တွေကို ထည့်သွင်းဖွဲ့စည်းထားပြီး တိုက်ခိုက်ရေးအပြင် အခြားထောက်ပို့တာဝန်တွေကို ထမ်းဆောင်ကြတာရှိပါတယ်။
 
ဧရာဝတီ PDFအမှတ် ၂၉ ဗျူဟာရဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကိုတော့ လွတ်မြောက်နယ်တနေရာမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တယ်လို့လည်းထုတ်ပြန် ထားပါတယ်။
 
ဒါ့အပြင်စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန်ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးမှာကျရာအခန်းကဏ္ဍကနေလို့ပါဝင်ဆင်နွဲနေရာ အခုအခါမဟာမိတ်တွေနဲ့အတူ ခြေသံလုံလုံနဲ့ စစ်ရေးအတွေ့အကြုံလေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်းထိုးဖောက်ဝင်ရောက်နေပြီလို့လည်း ဇန်နဝါရီ ၂၉ထုတ်ပြန်ချက်ကဆိုပါတယ်။
 
လက်ရှိကာလမှာ ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်ခွဲ၊သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာအာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ဧရာဝတီ PDFအမှတ် ၂၉ ဗျူဟာက သတင်းတစုံတရာထုတ်ပြန်တာမရှိပါဘူး။
 
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) ကလည်း ဧရာဝတီတိုင်းက မြို့နယ် ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
 
ရေကြည်၊ သာပေါင်း၊ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူနဲ့လေးမျက်နှာမြို့နယ်တွေကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။