Photo – CDF CDM SIYIN
ချင်းကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ရှာဖွေတွေ့ရှိတဲ့ ဘိန်းခင်းသုံးဧက လောက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်ဆီးခဲ့ပြီး ဒေသအတွင်းဘိန်းစိုက်ပျိုးမှုကိုလက်ခံမှာမဟုတ်သလို အခွန်လည်း ကောက်ခံမှာမဟုတ်ဘူးလို့ အဲ့ဒီတပ်ဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
လတ်တလောဖျက်ဆီးလိုက်တဲ့ ဘိန်းခင်းတွေဟာ ပြည်သူတွေစိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေဖြစ်ပြီး စားဝတ်နေ ရေးခက်ခဲတာကြောင့် စိုက်ပျိုးတယ်လို့ ပြောပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးများတာကြောင့် ဖျက်ဆီးလိုက်တာ လို့ ဆိုပါတယ်။
အလားတူ CDF CDM SIYIN တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျန်ရှိနေသေးတဲ့ဘိန်းခင်းတွေကိုလည်း အလျဉ်း သင့်သလို ဆက်လက်ဖျက်ဆီးမှာဖြစ်ကာ ဘိန်းခင်းတွေဆီက အခွန်ကောက်မယ်ဆိုရင် တရားဝင်စိုက်ပျိုးခွင့် ပေး ရာရောက်မှာဖြစ်လို့ အခွန်လည်းကောက်ခံမှာမဟုတ်ဘူးလို့ အဲ့ဒီတပ်ဖွဲ့ကပြောပါတယ်။
ဒါ့အပြင် CDF CDM SIYIN တပ်ဖွဲ့ထိန်းချုပ်ဒေသထဲမှာ သုံးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကင်းစင်ဖို့ စီမံကိန်းချမှတ် ထားပြီး အဲ့ဒီစီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ CDF CDM SIYIN တပ်ဖွဲ့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်ကစီယင်းဒေသတွင်းမှာ အဓိကအခြေစိုက် လှုပ်ရှားပါတယ်။လတ်တလော ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းတွေ က တော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ထိစပ်နေတဲ့ တီးတိန်မြို့နယ်ထဲမှာရှိတဲ့ဘိန်းခင်းတွေလို့သိရပါတယ်။
တီးတိန်မြို့နယ်အတွင်းမှာပဲရှိတဲ့ Zoland ဒေသထဲက ဘိန်းခင်း ဧက နှစ်ဆယ်ကျော်ကိုလည်း အခုနှစ် အောက်တို ဘာလအတွင်း Zoland PDF နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဖွဲ့စည်းထားတဲ့ Zoland ရဲတပ်ဖွဲ့တို့ ပူး ပေါင်းဖျက်ဆီးခဲ့ကြပါသေးတယ်။
ချင်းပြည်နယ်မှာ ၂၀၀၈ ခုနှစ်မတိုင်ခင်ကတည်းက ဘိန်းစိုက်ပျိုးမှုတွေရှိခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က ကြွက်ဘေး ကြောင့် ကောက်ပဲသီးနှံပျက်စီးမှုတွေပေါ်ပေါက်ခဲ့ပြီးနောက် ဘိန်းစိုက်ပျိုးမှု သိသိသာသာကျယ်ပြန့်လာခဲ့ပြီး ၂၀၂၀ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ဘိန်းစိုက်ဧကတွေထပ်တိုးလာတယ်လို့ ချင်းမီဒီယာတခုဖြစ်တဲ့ Chin world က ဖော်ပြထားပါတယ်။
တကျော့ပြန်စစ်အာဏာသိမ်းပြီးနောက် စစ်မက်ပဋိပက္ခတွေကြားက မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအများဆုံးနိုင်ငံပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC ရဲ့ အစီရင်ခံစာတွေမှာ နှစ်နှစ်ဆက်ဖော်ပြထားပါတယ်။
အခုလ ၁၂ရက်က ထုတ်ပြန်တဲ့ UNODC ရဲ့ ၂၀၂၄ခုနှစ်အတွက် အစီရင်ခံစာအရတော့ ချင်းပြည်နယ်မှာ ဘိန်း စိုက်ပျိုးမှု ၁၈ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ကယားပြည်နယ်မှာ ၈ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ အခုနှစ်အတွက် ဘိန်းစိုက်ပျိုးမှု လျော့ကျလာတာရှိပေမယ့် ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ဒေသအဖြစ် ဆက်ရှိနေပြီး မြန်မာ တနိုင်ငံလုံးမှာ ဘိန်းစိုက်ပျိုးမှု ၈၈ရာခိုင်နှုန်းရှိတဲ့ ဒေသအဖြစ် UNODC က သတ်မှတ်ဖော်ပြထားပါတယ်။