
ဒီဇင်ဘာ၊ ၂
တောင်ကုတ်မြို့နယ် ခရိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အရပ်သား နှစ်ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ခရိုင်ရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ကြဲချခဲ့တာဖြစ်ပြီး အဲဒီရွာမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေနဲ့ ရွာခံအရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ကြတာပါ။
“ရွာထဲကို လေးလုံးချတယ်၊ အရေးပေါ်လူနာတွေလည်း အများကြီး”လို့ တောင်ကုတ်ဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူနှစ်ဦးဟာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်ရပ်ကွက်က အသက် ၇၁ နှစ်အရွယ် ဒေါ်မသိန်းနဲ့ သာယာအေးရွာက၁၇ နှစ်အရွယ် မောင်ကျော်သက်နိုင်တို့ဖြစ်တယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Arakan Princess Media မှာ ရေးသားထားပါတယ်။
ဒဏ်ရာရသူတွေဟာလည်း စစ်ရှောင်တွေနဲ့ ရွာခံတွေဖြစ်ကြပြီး အဲဒီဒဏ်ရာရသူတွေထဲ ကလေးငယ်နဲ့ အမျိုးသမီးတွေအများအပြားပါ၀င်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲဖြစ်နေဆဲ မြို့နယ်တွေမှာ အရပ်ဖက်နေရာတွေကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်နီးပါးလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေတာပါ။
ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၇ ရက်နေ့ကလည်း သံတွဲမြို့နယ် နန်းချောင်းရွာကို လေကြောင်းဗုံးကြဲခဲလို့ အရပ်သားပြည်သူ ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
အဲဒီလို အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ စစ်ကောင်စီအနေနဲ့ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗင်ရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်(AA)ဟာ တောင်ကုတ်မြို့အနီး၀န်းကျင်က တပ်စခန်းတွေကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားပြီး တောင်ကုတ်အခြေစိုက် စကခ(၅)နဲ့ လက်အောက်ခံတပ်ရင်းနှစ်ခုကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် ဂွနဲ့ မောင်တောမြို့နယ်တို့မှာလည်း လက်ကျန်တပ်စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ဆယ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ရခိုင်ဒသေတျိုကျပှဲတှေ စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်းမှာပဲရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။