ပြည်ပရောက် အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းမှာ ပြန်စုစည်းကြဖို့ NUG သမ္မတ တိုက်တွန်း

Photo – NUG

နိုဝင်ဘာ၊ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အဝေးရောက်အစိုးရတရပ်မဖြစ်သင့်ဘဲ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းလိုက်ပါတယ်။

NUG အစိုးရအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက် ၁၀နာရီက အွန်လိုင်းစနစ်နဲ့ပြုလုပ်ခဲ့ရာမှာ ယာယီသမ္မတက သူ့ရဲ့မိန့်ခွန်းမှာအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာပါ။

“မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရ အဖွဲ့ဝင် များကို အလေးအနက်ထားတိုက်တွန်းချင်ပါတယ်၊ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့စုဆုံပြီးမီး တောက် တခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်”လို့ သူကဆိုပါတယ်။

ကျရာကဏ္ဍတွေကနေ ပါဝင်ထမ်းရွက်နေကြတဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လေးစားဦးညွတ်ကြောင်း ယာယီ သမ္မတက ပြောခဲ့ပေမဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ပြည်တွင်းမှာသာ အခြေစိုက်ပြီး အင်အားစုစည်း သင့် သလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လည်းအချိန်ပေးသင့်သလောက်ပေးခဲ့ပြီးပြီလို့ဆက်ပြောပါတယ်။

“အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်”လို့ လက်ရှိနွေဦးတော်လှန်ရေးအပေါ် နိုင်ငံ တကာအသိုင်းအဝိုင်းရဲ့အထောက်အပံ့တွေရရှိနိုင်ရေးကြိုးပမ်းမှုတွေအပေါ် ယာယီသမ္မတဒူဝါလရှီးလက သူ့အမြင် ကိုပြောပါတယ်။

၂၀၂၁ခုနှစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီး ကျယ်ဆုံး လူထုတော်လှန်ရေးတရပ်ဖြစ်တာကြောင့် အရင်ကလို လုပ်ရိုးလုပ်စဉ်တွေအတိုင်း လုပ်ကိုင်နေရုံနဲ့ မလုံ လောက်ဘဲ လက်တွေ့ကျကျ ဖောက်ထွက်စဉ်းစားဖို့ လိုတယ်လို့လည်း သူကထောက်ပြပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုပေါ်ပေါက်လာတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဝင်ကိုယ်စား လှယ် တွေက သူတို့ရက်ပိုင်းကြာ အကျယ်ချုပ်သဘော ချုပ်နှောင်ခံခဲ့ရတဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာထဲမှာပဲ လွှတ်တော်ခေါ်ယူကြောင်းကြေညာကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုဖွဲ့စည်းခဲ့ ပါတယ်။

အဲ့ဒီနောက်လပိုင်းအကြာ ၂၀၂၁ ဧပြီ ၁၆ရက်မှာ ကြားကာလအစိုးရတရပ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUGကိုစတင်ဖွဲ့စည်းခဲ့တာပါ။ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ၊CRPH အဖွဲ့ဝင်တွေ၊တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်တချို့နဲ့ လူထုသပိတ်ခေါင်းဆောင်တွေပါဝင်နေတဲ့ NUG အစိုးရရဲ့ ဝန်ကြီး၊ဒုဝန်ကြီး တချို့ ဟာ လက်ရှိပြည်ပနိုင်ငံတွေမှာ အခြေစိုက် နေထိုင်နေကြတာပါ။

ပြည်ပရောက် အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းကိုပြန်လာပြီး မြေပြင်အင်အားတွေကိုစုစည်းဖို့၊NUG ကိုအဝေး ရောက် အစိုးရတရပ်မဖြစ်ဖို့ သတိပေးခဲ့တဲ့ ယာယီသမ္မတဒူဝါလရှီးလကတော့ လက်ရှိအခြေအနေတွေအရ တော်လှန်ရေး အခင်းအကျင်းကို လာမယ့် ၂၀၂၅ခုနှစ်အတွက် ကြိုတင်တွက်ချက်ပြင်ဆင်ထားရမှာတွေရှိသလို ၂၀၃၀ခုနှစ် လောက်အထိ အကြမ်းမျဉ်းတွက်ချက်ချိန်ဆလုပ်ဆောင်သင့်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ယာယီသမ္မတက တရုတ်အစိုးရရဲ့ နိုင်ငံခြားရေး သဘောထားတွေအပေါ် မူတည်ပြီးပေါ်ပေါက်လာတဲ့ တော်လှန်ရေးဆိုင်ရာ ဖိအားတွေကို လျစ်လျှူမရှုဖို့၊မဟာဗျူဟာတရပ်အဖြစ် ပြောင်းလဲရှုမြင်ပြီး တော်လှန် ရေးအတွက် ဘေးထွက်ဆိုးကျိုးကြီးမားမလာအောင် အဖြေရှာဆောင်ရွက်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။

“တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက် စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော် တို့က ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လိုလည်း မရပါဘူး”လို့ သူကပြောပါတယ်။