နောင်ချိုမှာ လက်နက်ကြီးထိလို့ သံဃာတပါးပျံလွန်၊ တလနီးပါးအတွင်း စစ်တပ်လက်ချက်နဲ့သေဆုံးသူ နှစ်ဆယ် နီးပါးရှိလာ

Photo – TNLA

နိုဝင်ဘာ၊ ၂၆

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အင်ဝိုင်းကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး နိုဝင်ဘာ ၂၄ ရက်ညပိုင်းက ကျရောက်ပေါက်ကွဲလို့ သံဃာတပါးပျံလွန်ကာ ဒေသခံနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ပါတယ်။

အင်ဝိုင်းကျေးရွာပေါ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ရက် ညရှစ်နာရီလောက်မှာ လက်နက်ကြီးနှစ်လုံးပစ်ခတ် ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပြီး ဘယ်ဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းက ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရပါဘူး။

အခုဖြစ်စဉ်အပါအဝင် လက်ရှိနိုဝင်ဘာလဆန်းကနေ ၂၅ရက်အထိ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁၈ဦးအထိ သေဆုံးခဲ့ပြီး ၃၄ဦးဒဏ်ရာတွေရခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။

အင်ဝိုင်းကျေးရွာဟာ နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေးရွာ အရှေ့ဘက်မှာရှိပြီး လူသိများတဲ့ အင်ဝိုင်းရေတံခွန်ရှိရာ ကျေးရွာဖြစ်ပါတယ်။အင်ဝိုင်းကျေးရွာရဲ့ အရှေ့တောင်ဘက် (အဖြောင့်တိုင်း) မိုင်နှစ်ဆယ် လောက်အကွာမှာတော့ TNLA နဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းဒေသရှိနေတာပါ။

စစ်တက္ကသိုလ်တွေအခြေစိုက်ရာ ပြင်ဦးလွင်နဲ့ ထိစပ်နေတဲ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသနဲ့လည်း ဆက် စပ်တဲ့ နောင်ချိုမြို့နယ်ကို တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ထိုးစစ်ကာလအတွင်း သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောင်ချိုမြို့ တောင်ဘက်က တောင်ခမ်းဒေသမှာ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီ က လည်း မြို့တွင်းလူနေရပ်ကွက်တွေကိုပါ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။

အထက်ပါ လက်နက်ကြီးပစ်ခတ်မှုမတိုင်ခင် နိုဝင်ဘာ ၂၂ရက်ကလည်း နောင်ချိုမြို့ ဈေးရပ်ကွက်ထဲ စစ်ကောင်စီ က ပေါင်သုံးရာ ဗုံးနှစ်လုံးကြဲချလို့ ရှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် ဒေသခံခြောက်ဦး ဗုံးစထိမှန်ဒဏ်ရာ တွေရကာ နေအိမ် ၁၂လုံးပျက်စီးခဲ့ပါသေးတယ်။

အလားတူ နိုဝင်ဘာ ၁၈ရက်ကလည်း အင်ဝိုင်းကျေးရွာအနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာမှာရှိတဲ့ ဆမ္မဆယ်ကျေးရွာက အင်ဝိုင်းအမှတ်(၃)ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးနှစ်လုံး ကြဲလို့ အမျိုးသားတဦးသေဆုံးကာ စက်ရုံအဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။