နိုဝင်ဘာ၊ ၂၆
အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကိုအသက်သွင်းကာ အခုနှစ်ဧပြီလမှာ အပတ်စဉ်(၁) သင် တန်း တွေ စတင်ခဲ့ပြီးနောက် ခုနစ်လအကြာ ဒီကနေ့မှာ စစ်ကောင်စီကအပတ်စဉ် (၇)စစ်မှုထမ်းသင်တန်းတွေကို စတင် လိုက်ပါတယ်။
စစ်သင်တန်းကျောင်းတွေရှိရာ ပြည်နယ်နဲ့တိုင်းခုနစ်ခုမှာ ဒီကနေ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၇)သင်တန်းတွေ စတင်ခဲ့တာလို့ စစ်မှုသင်တန်းလှုပ်ရှားမှုတွေကိုဖော်ပြနေတဲ့ စစ်အပ်စု ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ် တခု ဖြစ်တဲ့“ပြည်သူ့စစ်မှုထမ်းများစုစည်းရာ” က ဒီကနေ့ ဖော်ပြပါတယ်။
ဒီကနေ့ အပတ်စဉ် (၇)သင်တန်းတွေ စတင်တဲ့ ဒေသတွေထဲ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊မွန်ပြည်နယ်၊ ဧရာဝတီ၊မန္တလေး၊ရန်ကုန်၊ပဲခူး၊စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေပါဝင်ပါတယ်။
စစ်မှုထမ်း သင်တန်း အပတ်စဉ်တခုကို သင်တန်းသားအင်အား အနည်းဆုံးငါးထောင်လောက် စုဆောင်းမယ်လို့ ထုတ်ပြောထားတဲ့ စစ်ကောင်စီဟာ စက်တင်ဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ် ၅အထိ တပ်သားသစ် အင် အား နှစ်သောင်းကျော် စုဆောင်းနိုင်ခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACSက အောက်တိုဘာလ အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ပထမဆုံး စတင်တဲ့ သင်တန်းအပတ်စဉ်(၁)မှာ သတ်မှတ်ထားတဲ့အတိုင်း သင်တန်းသား အရေအတွက်ငါးထောင်ပြည့်အောင် စုဆောင်းနိုင်ခဲ့ပြီး နောက်ထပ်အပတ်စဉ်တွေမှာတော့ သတ်မှတ်အင်အား အပြည့်မရတော့သလို ရရာနည်းလမ်းတွေနဲ့ အင်အားစုဆောင်းမှုတွေပါလုပ်လာတယ်လို့ အဲ့ဒီအစီရင်ခံစာက ဆို ပါတယ်။
“စစ်မှုထမ်းစုဆောင်းရေးဗဟိုက သတ်မှတ်ထားသည့်အရေအတွက် ရရှိရေးဖိအားပေးပြီးသည့်နောက်တွင် အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများ ပိုများလာခဲ့သည်”လို့ စစ်သင်တန်းအပတ်စဉ်ငါးခုလည်ပတ်ပုံကို လေ့လာထားတဲ့ BACS ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် နိုင်ငံတဝန်းမှာ လူငယ်အများစုပါဝင်တဲ့ အမျိုးသားတွေ ပုံစံမျိုးစုံနဲ့ အ တင်းအဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် သွတ်သွင်းခံရတာတွေ ခပ်စိတ်စိတ်ရှိနေပြီး စစ်မှုမထမ်းလိုတာကြောင့် ငွေကြေးနဲ့လူစားထိုးတာ၊တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြတာ၊ပြည်ပနိုင်ငံတွေဆီ ရရာနည်းလမ်းနဲ့ ထွက်ခွာကြတာတွေလည်း ရှိနေတာပါ။
စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်မြေပြင်ဆီ ချက်ချင်းစေလွှတ်အသုံးပြုမှာမဟုတ်ဘူးလို့ စစ်ကောင်စီက ပြော ထားပေမယ့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်လို တိုက်ပွဲပြင်းထန်ရာဒေသတွေက သေဆုံး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထဲ အဲ့ဒီသင်တန်းတွေပါဝင်နေတဲ့ အထောက်အထားတွေတွေ့ရတယ်လို့ BACS ကထောက်ပြထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ထုတ်ပြန်ချက်တချို့နဲ့ တခြား စစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကလည်း စစ်မြေပြင်တွေမှာ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ တပ်သားသစ်အများအပြား စစ်ကောင်စီဘက်က အသုံးပြုနေတာတွေ့ရတဲ့အကြောင်းပြောထားကြပါတယ်။
အလားတူ စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တွေ၊ သင် တန်းဆင်းပြီးနောက် တာဝန်ပေးအပ်ခံရချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်ပူးပေါင်းလာသူတွေ လည်း လက်ရှိမှာဆက်တိုက်ရှိနေပါတယ်။
ဒီလိုအခြေအနေတွေရှိနေတဲ့တိုင်အောင် စစ်ကောင်စီဟာ သင်တန်းအပတ်စဉ် ခုနစ်ခုကနေ အနည်းဆုံး အင်အား သုံးသောင်းကျော်လောက်ကို တပ်သားသစ်အဖြစ် စုဆောင်းထားနိုင်ပြီလို့ လေ့လာသူတွေက မှန်းဆသုံးသပ်ကြ ပါတယ်။