
နိုဝင်ဘာ၊ ၂၈
စစ်အုပ်စုက ကချင်ပြည်နယ် အထူးဒေသ(၁)အဖြစ် သတ်မှတ်ပြီး သူတို့ဩဇာခံ လက်နက်ကိုင်အင်အားစုတွေကို စီမံအုပ်ချုပ်ခွင့်ပေးထားတဲ့ ဒေသတွေအားလုံးကို သိမ်းပိုက်ရရှိပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အထူး ဒေသ သတ်မှတ်ချက်ကိုဖျက်သိမ်းလိုက်ပြီလို့ ဒီကနေ့ ကြေညာပါတယ်။
အဲ့ဒီဒေသအတွင်း ပြည်သူလူထုရဲ့စီးပွားရေး၊ လူမှုရေး ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာထောက်ထားမှု အခြေခံတဲ့ မူဝါဒနဲ့ဖွံဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုး စားတည်ဆောက်သွားမယ်လို့ KIO ဗဟိုကော်မတီက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့အသိပေးစာမှာဖော်ပြထားပါတယ်။
ဒါကြောင့် အရင်က ကချင်အထူးဒေသ(၁) အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ဌာနေပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူအား လုံး စိုးရိမ်မထားဘဲ KIO နဲ့ပူးပေါင်းပြီး ဘက်စုံဖွံဖြိုးတိုးတက်ရေး အတူတကွ တည်ဆောက်ကြဖို့ ဖိတ်ခေါ်တယ် လို့ လည်းအသိပေးထားပါတယ်။
အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့တော့ မူလကတည်းက စစ်အာဏာရှင် အစိုးရ တွေက သူတို့အာဏာခိုင်မြဲဖို့အတွက် ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တာကြောင့်လို့ ရှင်းလင်းထားပါတယ်။
ချီဖွေ၊ဆော့လော်၊ပန်ဝါနဲ့ ကန်ပိုင်တည်၊ဝိုင်းမော်မြို့နယ် တစိတ်တပိုင်း စတဲ့ဒေသတွေပါဝင်တဲ့ ကချင်အထူး ဒေသ (၁)နယ်မြေတခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က အခုလ ၂၀ရက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တဲ့နောက် KIO ရဲ့ ဒီကနေ့ ထုတ်ပြန်အသိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီကြေညာချက်ကို KIO/KIA ဘက်က လူသိများတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် က လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေမျှဝေအသိပေးကာ “ဖိတ်ခေါ်အပ်ပါသည်”လို့ ရေးသား ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာသာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ဂိတ်ပေါက် ရှိရာ ကန်ပိုင်တည် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က စစ်ကောင်စီစခန်းတွေကို KIA က အခုနှစ် ဇွန် လအတွင်း ဆက်တိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တဖြစ်လည်း ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K တပ်တွေအခြေစိုက်တဲ့ ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကန်ပိုင်တည်မြို့တွေကိုပါ စက်တင်ဘာအောက်တိုဘာနဲ့ နိုဝင် ဘာလတွေအတွင်း ဆက်တိုက် ထပ်မံသိမ်းပိုက်ခဲ့တာပါ။
KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ ကချင်အထူးဒေသ(၁)နယ်မြေတွေထဲ တရုတ်နယ်စပ်ဒေသတခုဖြစ် သလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊နယ်ခြားစောင့် ဌာနချုပ်တွေနဲ့မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်း ခွင်တွေပါ ရှိတဲ့ပန်ဝါမြို့လည်းပါဝင်ပါတယ်။
အဲ့ဒီမြို့ကိုတော့ KIA က အောက်တိုဘာလ ၁၈ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရတွေက ကချင်အထူးဒေသ(၁)ဆိုပြီးခွဲခြားအုပ်ချုပ်ခဲ့တာကြောင့် ကချင်လူမျိုးတွေကြား စည်းလုံး ညီညွတ် မှုထိခိုက်ခဲ့ရပြီး တပေါင်းတစည်းတည်းပြန်ဖြစ်အောင် အဲ့ဒီဒေသကို အရယူခဲ့တာလို့ ဒီကနေ့ KIO ဗဟိုကော်မတီ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
NDAK ခေါင်းဆောင်ဇခုန်တိန့်ယိန်းဟာ KIA တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ခွဲထွက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ပူးပေါင်းခဲ့သူဖြစ်ပါတယ်။ ဗပက ပြိုကွဲပြီးနောက် ကချင်ဒီမိုကရေစီသ စ်တပ်မတော်(NDA-K)အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အရင်စစ်အစိုးရလက်ထက်မှာ နယ်ခြားစောင့်တပ် (BGF)အဖြစ်ရပ်တည်ခဲ့ပါတယ်။