KNU ဌာနချုပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ ၊ ၂၂
ကရင့်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ(၇) ဧရိယာထဲက ထမင်းစားရုံကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ လာပြီး ဗုံးကြဲခဲ့တယ်လို့ KNU နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ် ။
ဒီကနေ့ မနက်ပိုင်း ၁၁နာရီ ဝန်းကျင်ခန့်မှာ ဒရုန်းနဲ့ ဗုံး ၃ကြိမ် ကြဲချခဲ့တယ်လို့ ပြောပါတယ်။
“ ထမင်းစားရုံကို တလုံး ကျတယ် ၊ ရဲဘော်တဦးပဲ ဒဏ်ရာအနည်းငယ်ရတယ် ။ ရန်သူကတော့ သူ့အလုပ် သူလုပ်တယ် ၊ အခုလိုအချိန်မျိုး ဆိုတော့ သူတို့ချမှာပေါ့” လို့ ပြောပါတယ် ။
KNU အနေနဲ့ ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးကတည်းက KNU ဌာနချုပ်ကို စစ်တပ်အနေနဲ့ တိုက်ခိုက်မှု မရှိခဲ့တာ ဖြစ်ပါတယ်။
“စကစ ဘက်ကတော့ ကိုယ့်ဘက် သူတို့က ရှုံးမဲမဲတော့မှာ ၊ ဒီရက်ထဲ ခွေးကုန်( စွယ်တော်အမြောက်ကုန်း) လဲပေးလိုက်ရတော့ အဲဒါကို မဲတယ်လို့ ထင်တယ်” လို့ ဒေသခံ တဦးက သုံးသပ်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းဖြစ်တဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို ကော်ဘရာစစ်ကြောင်းအပါအဝင် KNLAနဲ့ တောင်ပိုင်းဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီး ၅ရက်အကြာမှာ စစ်တပ်က အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit – KNU (ပုံဟောင်း -KNLA တပ်မဟာ (၇) ဌာနချုပ်တွင် ကရင်အာဇာနည်နေ့အခမ်းအနားပြုလုပ်နေစဉ်)