One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် လီယမ်ပိန်း ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံး

အောက်တိုဘာ ၊ ၁၇

အသက် ၃၁နှစ်အရွယ် One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် လီယမ်ပိန်း ဟာ အာဂျင်တီးနားမြို့တော် ဘွေနိုအိုင်းရစ်ရဲ့ ဟိုတယ်တခုပေါ်ကနေ ပြုတ်ကျသေဆုံးနေတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ရက်နေ့မှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အစောပိုင်းထုတ်ပြန်ချက်အရ မူးယစ်ဆေးနဲ့ အရက်သုံးစွဲထားနိုင်ခြေရှိတဲ့ ရန်လိုနေတဲ့ အမျိုးသားတယောက်ကို ကိုင်တွယ်ဖို့ ဟိုတယ်ကို ရဲအရာရှိတွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဟိုတယ် ၃လွှာကနေ ပြုတ်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲပါ။

အဆိုပါ ဖြစ်စဉ်ပြီးနောက် ဟိုတယ်ရှေ့ကို လီယမ်ပိန်းရဲ့ ပရိသတ်တွေ စုဝေးရောက်ရှိလာပြီး သူ့အတွက် ဆုတောင်းပေးနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာဂီတအသိုင်းအဝိုင်းကလည်း လီယမ်ပိန်းရဲ့ သတင်းကိုကြားရတာ မယုံကြည်နိုင်ကြောင်းနဲ့ ကျန်ရစ်သူ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြောင်း လူမှုမီဒီယာစာမျက်နှာအသီးသီးမှာ ဖော်ပြခဲ့ပါတယ်။

ဗြိတိန်အဆိုတော် လီယမ်ပိန်းဟာ ၂၀၀၈ခုနှစ်က The X Factor အဆိုပြိုင်ပွဲ အစီအစဉ်ကနေအတင့် ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီးနောက် နိုင်းလ်ဟော်ရန် ၊ ဟယ်ရီစတိုင်လ် ၊ လူစီ တွင်မလင်ဆန်  ၊ ဇိန်း မာလစ် တိုနဲ့အတူ ၂၀၁၀ မှာ One Direction အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။

ပွဲဦးထွက်မှာပဲ အောင်မြင်ခဲ့တဲ့ One Direction ရဲ့ တတိယမြောက် အယ်လမ် Midnight Memories ကလည်း ၂၀၁၃ခုနှစ်မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ တကိုယ်တော်အယ်လ်လမ် LP1 ကိုလည်း ၂၀၁၉ ဒီဇင်ဘာက ထုတ်ဝေခဲ့ပြီး ၁၈ မီလီယံကျော် ရောင်းရခဲ့ပါတယ်။

Ref : BBC / Reuters