ငါးရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၁ဦးကို AAပြန်လွဲပြောင်းပေး

Photo – AA Info Desk

အောက်တိုဘာ၊ ၁၅

ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်အတွင်း စွန့်ပစ်ထားခံထားရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ AAက အောက်တိုဘာ၁၄ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်ကရေလုပ်သား (၁၆) ဦး ပါဝင်တဲ့ငါးဖမ်း မော်တော်ဘုတ်တစ်စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်မှာတော့အမည်မသိလက်နက်ကိုင် (ဘင်္ဂလီလို့ဖော်ပြထား) ၆၀ဦးလောက်ပါဝင်တဲ့ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့ကမော်တော်ဘုတ် ၃ စီးနဲ့လာရောက်ဓားပြတိုက်ခဲ့တယ်လို့ဆိုပါတယ်။

ရေလုပ်သားငါးဖမ်းသမားတွေကိုသေနတ်ဒင်၊ ဒုတ်တွေနဲ့ရိုက်နှက်ပြီးမော်တော် ဘုတ်မှာပါလာသမျှ ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်အားလုံးကို ယူဆောင်သွားတဲ့အပြင် ရေလုပ်သားငါးဖမ်းသမားအားလုံးကို မော်တော်ဘုတ်ဝမ်းဗိုက်အတွင်း အစားအစာ၊ ရေမတိုက်ကျွေးဘဲ နှစ်ရက်လောက် ပိတ်လှောင်ထားခဲ့တယ်လို့ ဆက်ဖော်ပြပါတယ်။

အောက်တိုဘာလ ၇ ရက်မှာတော့ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီးAA ကမ်းခြေစောင့်တပ်က မော်တော်ဘုတ်ကို တွေ့ရှိခဲ့လို့ရေလုပ်သားငါးဖမ်းသမား ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက်  ဒဏ်ရာရလာသူတွေကို ဆေးကုသပေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ကာဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေထံဆက်သွယ်ပြီး အောက်တိုဘာလ (၁၄) ရက်မှာကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်ကလည်း မြန်မာရေပိုင်နက်နတ်မြစ်အတွင်း ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ရေလုပ်သားငါးဦးကို AAကဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးခဲ့ပါသေးတယ်။