ပြည်တွင်းဖြစ် ဖောက်ခွဲရေးဒရန်း လက်တွေ့စမ်းသပ်မှုကို ကင်ဂျုံအန်း စောင့်ကြည့်

ဩဂုတ်၊ ၂၆

မြောက်ကိုရီးယားရဲ့ ပြည်တွင်းဖြစ် ဖောက်ခွဲရေး ဒရုန်းတွေ လက်တွေ့ စမ်းသပ်လေ့ကျင့်မှုတခုကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်စောင့်ကြည့်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ ကြက်ခြေခတ်ပုံ အမြီး တည်ဆောက်မှု ဒီဇိုင်းနဲ့ တောင်ပံတပ် ဒရုန်း တစီးဟာ တောင်ကိုရီးယားလုပ် K-2 ပင်မ တိုက်ပွဲဝင် တင့်ကား ပုံစံတူ ပစ်မှတ်ကို အရှိန်နဲ့ ဝင်တိုက်ပြီး ဖောက်ခွဲပစ်လိုက်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြုလုပ်တဲ့ အဲဒီ လက်နက်စွမ်းရည် လက်တွေ့ စမ်းသပ်မှု အစီအစဉ်ကို ကင်ဟာ ထိပ်တန်း စစ်ဦးစီး အကြံပေးတွေနဲ့အတူ ထိုင်ရင်း ရှုစား စောင့်ကြည့်နေခဲ့တာကို တွေ့ရပါတယ်။

သူဟာ မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီရဲ့ ဒရုန်းဌာနခွဲကို သွားရောက် စစ်ဆေး လေ့လာရင်း အဲဒီ သရုပ်ပြ စမ်းသပ်မှုကို ကြည့်ရှုခဲ့တာလို့ KCNAက ဆိုပါတယ်။

ကင်က မြောက်ကိုရီးယား စစ်တပ်ဟာ ကမ္ဘာအနှံ့မှာ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ စစ်ရေး နည်းပညာ ရေစီးကြောင်းတွေကို မျက်ခြေမပြတ် လိုက်ပါရင်း စဉ်ဆက်မပြတ် မွမ်းမံ အဆင့်မြှင့်မှုတွေ လုပ်ဆောင်နေဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ ခါးသီးပြိုင်ဘက် အိမ်နီးချင်းဖြစ်တဲ့ တောင်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ သဘောထားတွေ ပြသလာသလို နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ခံနေရတဲ့တိုင် ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေကိုလည်း ပိုမို မြှင့်တင်လာခဲ့ပါတယ်။

စစ်ရေးသုတေသီတွေက မြောက်ကိုရီးယားဟာ နည်းပညာ ပိုမိုမြင့်မားတဲ့ တာဝေးပစ် ဒုံးကျည်တွေ တီထွင် ထုတ်လုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာနေတယ်လို့ သုံးသပ်ထားပါတယ်။ နောက်ပြီး မြောက်ကိုရီးယား စစ်တပ်ဟာ တောင်ကိုရီးယားကို တိုက်ရိုက် ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတဲ့ တာတို ဒုံးကျည်တွေနဲ့ လက်နက်ကြီး ပစ်ခတ် စမ်းသပ်မှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။

Ref: Guardian