ဩဂုတ် ၊ ၁၇
နီပေါနိုင်ငံက ဧဝရတ်တောင်ခြေ ရွာလေးတခုဟာ ရေခဲရေတွေ ဖုံးလွှမ်းသွားလို့ ဒေသခံတွေ အကြီးအကျယ် အကျပ်ရိုက်နေပါတယ်။
ကျွမ်းကျင်သူတွေက အမြင့်ပေ ၃၈၀၀ မီတာလောက်မှာ တည်ရှိတဲ့ သိမ်းရွာလေးဟာ တောင်ပေါ် ရေခဲအိုင်တခု ကျိုးပေါက်ရာကနေ အခုအခြေအနေမျိုး ကြုံတွေ့ရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနဲ့အတူ ရေခဲမြစ်တွေ၊ ရေခဲကန်တွေ အရည်ပျော်ခြင်းနဲ့အတူ အလားတူ ဖြစ်စဉ်တွေကို ပိုမို တွေ့မြင်လာရနိုင်ခြေ ရှိတယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ရွာထဲမှာ ထိခိုက်သေဆုံးမှု မရှိဘူး ဆိုပေမယ့် အိမ်တွေ၊ တခြားအဆောက်အအုံတွေ၊ ကျောင်းတွေနဲ့ ကျေးရွာ ဆေးပေးခန်းတို့ပါ ရေခဲရေတွေထဲ နစ်မြုပ်ပြီး ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။
တောင်ပေါ် ကျေးရွာတခုမှာ အခုလို ဆိုးဆိုးရွားရွား ရေကြီးတဲ့ အခြေအနေမျိုးက ဒေသခံတွေအတွက် အစိမ်းသက်သက် ဖြစ်နေပြီး အရေးပေါ် အထောက်အပံ့တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
သိမ်းဟာ တောင်တက်သမားတွေ ခရီးတထောက် နားလေ့ရှိပြီး လူသိများတဲ့ တောင်ခြေရွာလေး တခုပါ။
နီပေါစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂေါ်ရက်ဗ် ကူးမားက ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေဟာ ရေနဲ့ အတူ မျောပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အဆောတလျင် စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရေခဲနေတဲ့ကန် ကျိုးပေါက်မှုကြောင့် ဖြစ်နိုင်တယ် ဆိုတာဟာ ခန့်မှန်းချက် သက်သက်သာ ရှိသေးပြီး အခုလိုမျိုး ကြုံတောင့်ကြုံခဲ ရေခဲရေတွေ ဖုံးသွားတဲ့ အခြေအနေရဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဧဝရတ်တောင်နဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ ရေခဲမြစ်တွေ ထောင်နဲ့ချီ ရှိနေပြီး အဲဒီထဲက တချို့ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် အပြီးတိုင် ပျောက်ကွယ်သွားမယ့် အခြေအနေ ရှိနေကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။
Ref: BBC