မန္တလေး-မိုးကုတ်လမ်းပိုင်းတခုလုံးကို စစ်ကောင်စီလက်လွှတ်ရဖို့ စခန်းတချို့သာကျန်

Photo – MDY-PDF/google map

ဩဂုတ်၊ ၁၂

မိုင်တရာကျော် ရှည်လျားတဲ့ မန္တလေး-မိုးကုတ် လမ်းပိုင်းတလျှောက် မတ္တရာကနေ မိုးကုတ်အထိ မိုင်တရာ ဝန်းကျင်ရှိတဲ့တဆက်တည်းလမ်းပိုင်းတခုလုံးကို စစ်ကောင်စီလက်လွှတ်ရဖို့ စခန်းတချို့သာကျန်ရှိနေတော့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

စဉ့်ကူးမြို့နယ်တခုလုံးနဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်းအများအပြားနဲ့ သသပိတ်ကျင်းမြို့နယ်ထဲက စခန်းတွေကိုလည်း လက်ရှိထိုးစစ်ဆင်နေတဲ့ MDY-PDF ပူးပေါင်းတပ်တွေဟာ သပိတ်ကျင်းမြို့နယ်ထဲက ဇရပ် ကွင်းရဲကင်းစခန်းကိုလည်း သိမ်းပိုက်လိုက်ပြီလို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဇရပ်ကွင်းကျေးရွာဟာ မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ် အစပ်မှာရှိတာဖြစ်ပါတယ်။

အဲ့ဒီရွာကိုပါ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်လိုက်တာကြောင့် မတ္တရာကနေ စဉ့်ကူးအထိ လမ်းပိုင်း တလျှောက်မှာ ကျောက်ဖြူ၊ဝါးဖြူတောင်ရွာနဲ့ ညောင်ပင်သာရွာတို့သာ စစ်ကောင်စီထိန်း ချုပ်ကျေးရွာတွေအဖြစ် ဆက်လက် ကျန်ရှိနေပါတယ်။

အဲ့ဒီ စခန်းအပါအဝင် သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီစခန်း ကိုးခုကိုသိမ်းပိုက်ထားနိုင်ပြီလို့ MDY-PDF က အသိပေးထားပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက သိမ်းပိုက်ခံရတဲ့စခန်းတွေထဲ မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်မှာပဲရှိတဲ့ ခလရ ၁၄၈တပ် စခန်းလည်းပါဝင်ပါတယ်။လက်ရှိသပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို MDY-PDF ပူးပေါင်းတပ်တွေ က မိုးကုတ်ဘက်ကနေ လာတဲ့ စစ်ကြောင်းတခု၊စဉ့်ကူးဘက်ကနေလာတဲ့ စစ်ကြောင်းတခုတို့နဲ့ ထိုးစစ်ဆင်နေ တာပါ။

စဉ့်ကူးဘက်ကလာတဲ့ တော်လှန်ရေးတပ်တွေက သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တွေရှိရာ ကွင်း(၃၀)၊ လက်ပံပြန့်၊ဖိုကုန်း၊ဝက်သေ၊ဖက်ရှည်၊လိပ်ကျစတဲ့ ကျေးရွာအထိုင်ချစစ်အုပ်စုစခန်းတွေကို အခုလပထမပတ် အတွင်းသိမ်းပိုက်ခဲ့ပါတယ်။

မိုးကုတ်ဘက်ကလာတဲ့ စစ်ကြောင်းကလည်း မိုးကုတ်နဲ့သပိတ်ကျင်းမြို့နယ်အစပ်မှာရှိတဲ့ ခလရ ၁၄၈ တပ်စခန်းနဲ့ ကျောက်ဖြူရွာစခန်းတို့ကို အလားတူသိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့် လက်ရှိမှာ သပိတ်ကျင်းမြို့နယ်ထဲ ထိုးစစ်ဆင် နေတဲ့ တော်လှန်ရေးစစ်ကြောင်းနှစ်ခုပေါင်းစုံပူးပေါင်းတော့မှာဖြစ်ပါတယ်။

အဲ့ဒီ ထိုးစစ်လမ်းကြောင်းအတွင်း နောက်ဆုံးကျန်နေတဲ့ ညောင်ပင်သာနဲ့ ဝါးဖြူတောင်ကျေးရွာတွေဟာ ဧရာဝတီ မြစ်အရှေ့ဘက်ကမ်းပေါ်က သပိတ်ကျင်းမြို့နဲ့ ကိုးမိုင်ဝန်းကျင်သာဝေးပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထိုးစစ်တွေအတွင်း TNLA ပူးပေါင်းတပ်က မိုးကုတ်မြို့နယ်တခုလုံးကိုသိမ်းပိုက်ခဲ့သလို MDY-PDF ပူးပေါင်းတပ်တွေကလည်း စဉ့်ကူးမြို့နယ်တခုလုံးနဲ့ မတ္တ ရာမြို့နယ်ထဲက စခန်း ၃၅ခုကိုသိမ်းပိုက်ထားပါတယ်။

တော်လှန်ရေးတပ်တွေက စဉ့်ကူးမြို့ကိုသိမ်းပိုက်ကာ လက်ရှိအထိ ထိန်းချုပ်ထားပေမယ့် မတ္တရာမြို့ကိုတော့ မြို့ သိမ်းတိုက်ပွဲဆင်နွှဲတာမရှိသေးဘဲ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်ကျေးရွာတချို့ကိုတော့ တိုက်ခိုက်သိမ်းပိုက် ထားပါတယ်။

ဒါကြောင့် ပုသိမ်ကြီး မတ္တရာအစပ်ကနေ မိုးကုတ်မြို့အထိ လမ်းပိုင်းတခုလုံးကို စစ်ကောင်စီစိုးမိုးထိန်းချုပ်နိုင် တာ မရှိတော့သလို သပိတ်ကျင်းမြို့နယ် မြောက်ခြမ်း တကောင်းမြို့ဘက်မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်းတချို့ကိုသိမ်းပိုက်ထိန်းချုပ်ကာ ဆက်လက်ထိုးစစ်ဆင်နေတာရှိပါတယ်။

ဒါ့အပြင် မန္တလေး- မြစ်ကြီးနား ကားလမ်းတလျှောက် စဉ့်ကူး၊မိုးကုတ်၊မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို MDY-PDF ၊TNLA နဲ့ KIA တို့က အသီးသီးသိမ်းပိုက်ထားကြပါတယ်။