စစ်ကောင်စီက မန္တလေးသင်္ကြန်စည်ကားဖို့အတွက် မဏ္ဍပ်တွေအခမဲ့ဆောက်လုပ် ခွင့်ပေးပြီးစည်းရုံးနေ

မတ်၊ ၂၅

မန္တလေးတိုင်း စစ်ကောင်စီဟာ လာမယ့် သင်္ကြန်ကိုအရင်အစိုးရလက်ထက်တွေကလို ပြန်လည်စည်ကားစေဖို့အ တွက် ကျုံးပတ်လည်အပါအဝင် မြို့ထဲကနေရာအနှံ့မှာ မဏ္ဍပ်တွေကို အခမဲ့ဆောက်လုပ်ခွင့်ပြုပေးပြီး စည်းရုံး နေ တယ်လို့ မန္တလေးမြို့ခံတွေဆီကသိရပါတယ်။
စစ်အာဏာမသိမ်းမီကာလတွေကကျူံးပတ်လည်မှာ ရေကစားမဏ္ဍပ်ဆောက်လုပ်ဖို့ အ တွက် အခွန် ကျပ် သိန်း ရာချီပေးသွင်းရပေမယ့် ဒီနှစ်မှာတော့စစ်အုပ်စုက အခမဲ့မဏ္ဍပ်ဆောက်လုပ်ခွင့်ပေးဖို့ လုပ်နေတာပါ။
” အရင်က မဏ္ဍပ်တခုဆောက်မယ်ဆိုရင် လေလံစနစ်နဲ့ လုပ်တာပေါ့၊ကျူံးအရှေ့ဖက်မှာ မဏ္ဍပ်ဘယ်နှခုရှိမယ်ဆို ရင် အဲဒီနေရာရဖို့ လေလံဝင်ဆွဲရတယ်၊ နေရာတခုရဖို့ သိန်းကို ရာချီပေးရတယ်၊အခုကြည့်ရတာတော့ ဘယ်နားဆောက်ချင်တယ်ဆိုတာ သူတို့ပြောလိုက်တာနဲ့ ဆောက်ရုံပဲနေမယ်၊မနှစ်တုန်းကလည်း သူတို့သင်္ကြန်လုပ်တာပဲလေ မအောင်မြင်ခဲ့ဘူး၊ဒါကြောင့်ဒီနှစ်ကိုစည်ကားဖို့ကြံစည်နေတာပါ ” လို့ အောင်မြေသာစံမှာ နေထိုင်သူတဦးကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်သာယာရေး ကော်မတီက သင်္ကြန်ကာလအတွက် မန္တလေးကျုံးပတ် လည်နဲ့ မန္တလေးမြို့ပေါ် ခြောက်မြို့နယ်ရှိလမ်းမကြီးတွေပေါ်မှာရေကစားမဏ္ဍပ်တွေကိုအခွန်အခပေးစရာမလိုဘဲ ဆောက်လုပ်နိုင်ပြီး ဦးရာလူစနစ်နဲ့ ခွင့်ပြုပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ အစိုးရလက်ထက်က ကျူံးတောင်ဖက် ၂၆ လမ်းပေါ်မှာ စတင်အကောင်အထည်ဖော်ခဲ့ကြတဲ့ လမ်းလျှောက်သင်္ကြန်ကိုလည်း စစ်အုပ်စုက ဒီနှစ်မှာ ပြန်လည်ပြုလုပ်မယ်လို့ဆိုပါတယ်။ အရင်အစိုးရလက်ထက်က လမ်းလျှောက်သင်္ကြန်မှာ ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်ရို့အတွက် အခွန်အခအဖြစ် ၁၀ ပေ အကျယ် မဏ္ဍပ်တခုကို ကျပ်၅ သိန်း၊ ၂၀ ပေ အကျယ်မဏ္ဍပ်ကို ၁၀ သိန်း နဲ့ ပေ ၃၀ အကျယ် မဏ္ဍပ်ကို ကျပ် ၁၅ သိန်းပေးသွင်းခဲ့ရတာပါ။
လက်ရှိမှာ ကျူံးတောင်ဖက် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှာ မြို့တော်ဝန်ရေကစားမဏ္ဍပ်ကို စစ်အုပ်စုက စတင်ဆောက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” သူတို့ကသာ ဒီနှစ်စည်ကားမယ် ပြောနေတယ် လူတွေကတော့ သိပ်တော့ဂရုစိုက်တာတောင်မဟုတ်ဘူး၊ အရင်က ဒီအချိန်ဆို မြို့ထဲရေကစားမဏ္ဍပ်ကြော်ငြာတွေလုပ်ပြီး ဘယ်နေရာဘာမဏ္ဍပ်ရှိတယ်ပြောနေပြီလေ၊ အခုကဘာအသံမှာကိုမကြားတာဗျ၊ ကျူံးဘေးမှာတော့ မြို့တော်ဝန်မဏ္ဍပ်ဆောက်နေတယ်၊ သူတခုပဲတွေ့သေးတယ် တခြားနေရာတွေတော့ မဏ္ဍပ်ဆောက်ဖို့ပြင်ဆင်နေတာ မရှိသေးဘူး ” လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။
ကိုဗစ်ကာလ ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ဖို့အတွက်သင်္ကြန်မှာ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစားတာကို အရင်အစိုးရက ကန့်သတ်ခဲ့တာပါ။စစ်အာဏာသိမ်းပြီးနောက်မှာတော့စစ်ကောင်စီက တနိုင်ငံလုံးအနှံ့မှာ ရေကစားမဏ္ဍပ်တွေပြန်လည် ဆောက်လုပ်ခွင့်ပြုခဲ့တာပါ။
အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီပြုလုပ်မယ့် သင်္ကြန်နဲ့ ပြည်သူတွေ ဝေးဝေးနေကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ရန်ကုန်မြို့မှာလည်း သင်္ကြန်ကာလစည်ကားဖို့အတွက် ဖျော်ဖြေရေးမဏ္ဍပ်တွေဆောက်ဖို့ စစ်ကောင်စီလက် အောက်ခံဌာနဆိုင်ရာတွေက မဏ္ဍပ်ကန်ထရိုက်လုပ်ခဲ့ဖူးသူတွေကို ဆက်သွယ်စည်းရုံးနေတာတွေရှိပါတယ်။
ဒါပေမယ့် လက်ရှိကာလအခြေအနေအရ လုံခြုံရေးအပါအဝင် အခြားထည့်သွင်းတွက်ချက်ရတဲ့အ ခြေအနေတွေကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်နိုင်လို့ ကန်ထရိုက်အများစုက လက်ရှောင်ကြတယ်လို့ အဲ့ဒီကန်ထရိုက်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဓာတ်ပုံ – CJ