ဇူလိုင် ၊ ၃၁
စင်ကာပူနိုင်ငံမှာ TikTok မိခင်ကုမ္ပဏီရဲ့ ရုံးခွဲ ဝန်ထမ်းတွေ တော်တော်များများ အစာအဆိပ်သင့်မှု ပြဿနာကြောင့် ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။
တရုတ်ကုမ္ပဏီ ByteDanceရဲ့ စင်ကာပူရုံးခွဲ ဝန်ထမ်း ၆၀ ဝန်းကျင်ဟာ ဗိုက်နာတာ၊ အော့အန်တာ အစရှိတဲ့ အစာအဆိပ်သင့်မှု လက္ခဏာတွေကို ဇူလိုင် ၃၀ ရက်နေ့မှာ ခံစားခဲ့ကြရတာပါ။ အဲဒီထဲက ၅၇ ယောက်ကို ဆေးရုံ ပို့ပေးခဲ့ရပါတယ်။
စင်ကာပူ ကျန်းမာရေးနဲ့ အစားအသောက် လုံခြုံရေးဌာန တာဝန်ရှိသူတွေက အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အစာအဆိပ်သင့်မှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ByteDance ရုံးခွဲဟာ ဝန်ထမ်းတွေအတွက် အစားအသောက် စီစဉ်ပေးပြီး အဲဒီအတွက် ကြားခံ ကုမ္ပဏီ တခုကို ငှားရမ်း တာဝန်ပေးထားတာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေ နာမကျန်းဖြစ်လို့ ကုမ္ပဏီက အကူအညီ တောင်းခံလာတာကြောင့် ရုံးခွဲရှိရာဆီ လူနာတင်ယာဉ် အစီး ၂၀ ဝန်းကျင်လောက် သွားရောက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ByteDanceက ဝန်ထမ်းတွေက ပြန်လည် ကျန်းမာလာတဲ့ထိ လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပြီး အခုဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ByteDanceကို တရုတ်နည်းပညာ စွန့်ဦးတီထွင်သူတွေ စုပေါင်းပြီး ၂၀၁၂ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ဗီဒီယို ဖြတ်ပိုင်း အတိုလေးတွေတင်တဲ့ Appဖြစ်တဲ့ Douyinကို တရုတ်မှာ စတင်မိတ်ဆက် ထုတ်ဝေပြီး အောင်မြင်လာတဲ့အတွက် တနှစ်အကြာမှာပဲ Douyinရဲ့ နိုင်ငံတကာ ဗားရှင်းလို့ ဆိုရမယ့် TikTokကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် TikTokဟာ ကမ္ဘာတလွှားမှာ သုံးစွဲသူပေါင်း သန်း ၁၀၀၀ ကျော်ထိ များပြားနေပြီ ဖြစ်ပါတယ်။
Ref: BBC