ဩဂုတ်၊ ၂၁
TikTokကြည့်ရင်း ကားမောင်းရာက ယာဉ်တိုက်မှုဖြစ်ပြီး လူ ၅ ဦး သေဆုံးခဲ့တဲ့ အမှုမှာ ကျူးလွန်သူ ထရပ်ကား ယာဉ်မောင်းကို ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်ထဲက ဖီးနစ်မြို့ရဲ့ အရှေ့တောင်ပိုင်း တနေရာမှာ ၂၀၂၃ နှစ်ဆန်းပိုင်းတုန်းက ဆိုးရွားတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ဒန်နီတင်နာ မောင်းနှင်လာတဲ့ ထရပ်ကားကြီးဟာ ရှေ့မှာရှိနေတဲ့ ကားတန်းကို ဝင်တိုက်ခဲ့တာကြောင့် ကားတွေ အဆင့်ဆင့် တိုက်မိပြီး ကား ၆ စီး မီးလောင်သွားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အတောအတွင်းမှာတော့ တင်နာက သူဟာ TikTokက ဗီဒီယိုတွေကို ကြည့်ရင်း ထရပ်ကားကို အရှိန်တင် မောင်းနှင်ခဲ့မိတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။
သူ့ကို လူသေမှု ၅ ခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အခုသီတင်းပတ်မှာတော့ ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မာရီကိုပါခရိုင် အစိုးရရှေ့နေ ရေချယ်လ် မစ်ချဲလ်ကတော့ တီနာရဲ့ လုပ်ရပ်ဟာ ဆင်ခြင်ဉာဏ် နည်းပါးပြီး တာဝန်ယူမှု ကင်းမဲ့လွန်းတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တရားစီရင်မှုက တရားခံမှာ အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ပေးလိုက်ပေမယ့် ချစ်ခင်သူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစု အသီးသီးရဲ့ နာကျင်မှုကိုတော့ ဘာနဲ့မှ အစားထိုး ဖြေသိမ့်ပေးလို့ ရမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
အရီဇိုးနားမှာတော့ ယာဉ်မောင်းတဦးက ကားမောင်းရင်း လူမှုကွန်ရက် မီဒီယာ သုံးစွဲတာကြောင့် လူအများ သေဆုံးတဲ့ ယာဉ်တိုက်မှုမျိုး ဖြစ်ပွားတဲ့ ပထမဆုံး အမှုအခင်းလို့ ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ချိန်တုန်းက တင်နာရဲ့ အမှိုက်တွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီးဟာ တနာရီ ၅၅ မိုင်သာ မောင်းနှင်ဖို့ မြန်နှုန်းကန့်သတ်ထားတဲ့ ဇုန်မှာ တနာရီ ၆၈ မိုင်နှုန်းနဲ့ မောင်းနှင်နေခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်ရပ်မျိုးဟာ သေချာပေါက် ရှောင်လွှဲနိုင်ခဲ့သင့်ကြောင်း၊ ယာဉ်မောင်းတွေဟာ ကိုယ်တိုင်ရဲ့ ပေါ့ဆမှုတွေကြောင့် လူ့အသက်တွေ ထိခိုက် ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိထား ဆင်ခြင်သင့်ကြောင်း၊ ကားမောင်းတဲ့အခါ ဖုန်းကို ခပ်ဝေးဝေးထားပြီး အပြည့်အဝ အာရုံစိုက်ထားဖို့လိုကြောင်း ပြည်သူ့လုံခြုံရေး ဌာနက တိုက်တွန်း သတိပေးသွားခဲ့ပါတယ်။
Ref: BBC