ဩဂုတ်၊ ၂၁
ပါကစ္စတန် လွှတ်တော်ဟာ လတ်တလောမှာ အတော်လေး ခေါင်းခဲရတဲ့ ပြဿနာကြီး တခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါက နိုင်ငံရေးနဲ့တော့ မပတ်သက်ပါဘူး။
အစ္စလာမ်မာဘတ် မြို့တော်ထဲမှာရှိတဲ့ လွှတ်တော်ထဲမှာ ကြွက်တွေ သောင်းကျန်းနေတာ ကြာပါပြီ။ ဒါပေမဲ့ လွှတ်တော် ပိတ်သိမ်းတဲ့ ညပိုင်းအချိန်လောက်မှာပဲ ကြွက်တွေက မြူးတူးနေလေ့ ရှိတာကြောင့် ဒီကိစ္စကို တာဝန်ရှိသူတွေက သိပ်အာရုံမစိုက်မိခဲ့ပါဘူး။
မကြာသေးခင်ကတော့ လွှတ်တော်ထဲက ကော်မတီ တခုဟာ အရေးတကြီး ကိစ္စတခုကြောင့် ၂၀၀၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ အစည်းအဝေး မှတ်တမ်းတွေကို မော်ကွန်းထိန်း အဖွဲ့ဆီ တောင်းခံခဲ့ပါတယ်။ အဲဒီ မှတ်တမ်းတွေကို သွားရောက် ယူဆောင်တဲ့ အခါကျမှ စာရွက်စာတမ်းတွေ အကုန်လုံးနီးပါးဟာ ကြွက်တွေ ကိုက်ထားလို့ စုတ်ပြတ်သတ်နေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
အခုတော့ ပါကစ္စတန် လွှတ်တော်ဟာ ကြွက်နှိမ်နင်းရေး မစ်ရှင်ကို ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာကို စဉ်းစားရင်း ခေါင်းစားနေပါပြီ။ လွှတ်တော် ညီလာခံ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဇာဖန် ဆူလ်တန်က လွှတ်တော်ထဲမှာ ကျက်စားနေတဲ့ ကြွက်ကြီးတွေရဲ့ အရွယ်အစားဟာ ကြောင်တွေတောင် ကြောက်ရွံ့လောက်အောင် ကြီးမားပြီး အရမ်းလည်း ရဲတင်းတယ်လို့ ပြောပါတယ်။
လောလောဆယ်တော့ လွှတ်တော် အသုံးစရိတ်ထဲက ရူပီးငွေ ၁.၂ သန်း (ဒေါ်လာ ၄၃၀၀ ဝန်းကျင်)ကို နှစ်စဉ် ကြွက်နှိမ်နင်းရေး ခွဲတမ်းအဖြစ် အသုံးပြုဖို့ အရေးပေါ် သတ်မှတ်ထားလိုက်ရပါတယ်။
ကြွက်တွေဟာ စားဖိုဆောင်၊ အထက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင်တွေရဲ့ ရုံးခန်းတွေ၊ အစည်းအဝေးခန်းမတွေ တည်ရှိရာ ပထမထပ်မှာ အလုံးအရင်း ပေါက်ပွားနေပြီး အဆောက်အအုံရဲ့ တခြား အစိတ်အပိုင်းတွေဆီကိုလည်း ပျံ့နှံ့ ရောက်ရှိနေပါတယ်။
ဒါပေမဲ့ များသောအားဖြင့် ကြွက်တွေဟာ နေ့ခင်းပိုင်းဆို ပုန်းခိုနေပြီး လူတွေအကုန် ရုံးဆင်း၊ အိမ်ပြန်သွားတဲ့ ညပိုင်းမှ သောင်းကျန်းတော့တာ ဖြစ်ပါတယ်။ ညစောင့် တယောက်ကတော့ လူတွေ မရှိတော့ဘူးဆိုရင် ကြွက်တွေဟာ ညလုံးပေါက် မာရသွန် ပြေးသလို နေရာအနှံ့ လျှောက်ပြေးနေတတ်တယ်လို့ ပြောပါတယ်။
အခုတော့ ပါကစ္စတန်က သတင်းစာနဲ့ ဂျာနယ်တချို့မှာ လွှတ်တော်ထဲက ကြွက်တွေကို နှိမ်နင်းပေးဖို့ တာဝန်ယူမယ့် ကုမ္ပဏီတွေ ဆက်သွယ်ဖို့ တင်ဒါခေါ်ယူတာတွေလည်း ရှိနေပေမယ့် ကုမ္ပဏီ နှစ်ခုလောက်ကသာ စိတ်ဝင်တစား ဆက်သွယ် စုံစမ်းခဲ့တယ်လို့ သိရပါတယ်။
Ref: BBC