Photo – Chinland Information Center
ဇူလိုင် ၊ ၂၈
ချင်းပြည်နယ် ထန်တလန်မြို့နယ် Auto တောင်က အမာခံရှေ့တန်းစခန်းသုံးခုကို ဒီကနေ့ မနက်ပိုင်းမှာ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးတယ်လို့ CNA/CNF ဦးဆောင်တဲ့ ချင်းပြည် ကောင်စီ (CC) သတင်းပြန်ကြားရေးက အသိပေးထားပါတယ်။
ထန်တလန်နဲ့ ဟားခါးမြို့နှစ်ခုကြား Auto တောင်က စစ်ကောင်စီတပ်မ ၇၇ အထိုင်ချတဲ့ စခန်းသုံးခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရမိတယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရတော့ လက်နက်မျိုးစုံ နှစ်ဆယ်ကျော်နဲ့ ခဲယမ်း၊ဆက်စပ်ပစ္စည်းတွေ ပါဝင်တာ တွေ့ရပါတယ်။
CNA ပူးပေါင်းတပ်တွေအနေနဲ့ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံ စခန်းတွေကို အခုလ ၂၂ရက်ကစလို့တိုက်ခိုက်ရာမှာ တပတ်အတွင်း စခန်းခြောက်ခု သိမ်းပိုက်နိုင်ခဲ့ကာ သုံ့ပန်း သုံးဦးဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်းသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။