မိုးမိတ်မြို့ကို မဟာမိတ်တပ်တွေထိန်းချုပ်ထားပြီး ဗျူဟာကုန်းကိုဆက်လက်ထိုးစစ်ဆင်နေ

Photo – PLA

ဇူလိုင်၊ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး မြို့တောင်ဘက်မှာရှိတဲ့ ဗျူဟာကုန်းကိုတော့ ဆက်လက်ထိုးစစ်ဆင်နေဆဲပဲလို့ အဲ့ဒီတိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်PLA တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

“မိုးမိတ်တမြို့လုံးကိုတော့ ထိမ်းချုပ်ထားပါပြီ၊ ဗျုဟာကုန်းကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်” လို့ သူကပြောပါတယ်။

မိုးမိတ်အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းဟာ မြို့တောင်ဘက် နှစ်မိုင်လောက်အကွာ မန္တလေး-မြစ်ကြီးနား လမ်း ပေါ်မှာရှိတာဖြစ်ပါတယ်။အဲ့ဒီဗျူဟာကုန်းအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၂၃၊ခလရ၂၇၆နဲ့ ခမရ ၃၄၈ တပ်ရင်း တွေ လည်းရှိပါတယ်။

တအာင်းတပ် TNLA ကတော့ မိုးမိတ်မြို့က လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို မနေ့က နေ့ လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့သလို ဒီကနေ့မှာလည်း ညနေ ငါးနာရီကျော်မှာ တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

 ဒီကနေ့ တိုက်ပွဲအတွင်း မိုးမိတ်ဗျူဟာကုန်းထဲကို စစ်ကောင်စီက Y-12 ထောက်ပို့လေယာဉ်နဲ့ လက်နက်ခဲယမ်း တွေကြဲချခဲ့တယ်လို့လည်းဖော်ပြပါတယ်။

 TNLA နဲ့ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့တွေမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် မိုးမိတ်မြို့ကိုပါထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး ကနဦးမှာ မြို့တွင်းတိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် အခုလလယ်လောက်ကစ လို့ စစ်ကောင်စီတပ်တွေ မြို့တွင်း ကနေ ဆုတ်ခွာသွားကြတာလို့သိရပါတယ်။

မိုးမိတ်မြို့နယ် အရှေ့ဘက်မှာ TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသမြို့တွေ၊အနောက်ဘက်မှာ သပိတ်ကျင်း မြို့နယ် တွင်းငယ်-မိုးမိတ်လမ်း၊မြောက်ဘက်မှာ ကချင်လွတ်လပ်ရေးတပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မဘိမ်း မြို့၊တောင်ဘက်မှာ မိုးကုတ်မြို့တို့ရှိပါတယ်။

မိုးမိတ်မြို့ထိုးစစ်တွေစတင်ချိန်ကတည်းက တွင်းငယ်-မိုးမိတ်လမ်းပိုင်းကို TNLA၊PLA နဲ့ ပူးပေါင်းတပ်တွေက ထိန်း ချုပ်ထားခဲ့သလို မိုးကုတ်မြို့ကိုလည်း TNLA ပူးပေါင်းတပ်က မနေ့ကပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထ ားပါ တယ်။

ဒါကြောင့် စစ်ကောင်စီဟာ မိုးမိတ်မြို့လက်မလွှတ်ရရေးအတွက် လေကြောင်းကနေသာ အင်အားဖြည့်တင်းမှုနဲ့ ခဲယမ်း၊ရိက္ခာ ပို့ဆောင်မှုတွေလုပ်နေရတယ်လို့ ဒေသခံတွေကပြောထားကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတိုက်ပွဲတွေ အပစ်ရပ်ထားချိန် အခုနှစ် ဆန်းပိုင်းကတော့ မိုးမိတ်မြို့ကို KIA နဲ့ ပူး ပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ဖူးပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မိုးမိတ်မြို့ဟာ ငါးလလောက်အတွင်း ပြင်းထန်တဲ့မြို့တွင်းတိုက်ပွဲ နှစ်ကြိမ်ကြုံခဲ့ရပြီး မြို့တွင်းမှာထိ ခိုက်ပျက်စီးမှုတွေ များတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတလအတွင်း TNLA ၊MDY-PDF နဲ့ပူးပေါင်းတပ်တွေဟာ နောင်ချို၊စဉ့်ကူးနဲ့ မိုးကုတ်မြို့ တို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျောက်မဲနဲ့ မိုးမိတ်မြို့တွေကိုလည်းထိန်းချုပ်ထားနိုင်ပေမယ့် မြို့အနီးမှာ လက်ကျန်စစ်ကောင်စီတပ်ရင်းတွေရှိနေပါသေးတယ်။