မန္တလေးမှာဦးမောင်ဝိတ်ကုမ္ပဏီရဲ့ မြို့ပြစီမံကိန်း လုပ်ငန်းခွင်တာရိုးပေါက်လို့ အလုပ်သမားနဲ့မိသားစုဝင်ခုနှစ်ဦးပျောက်ဆုံးနေ

Photo – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)

ဇူလိုင်၊ ၁၄

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ဆောက်နေတဲ့ အမရပူရမြို့ပြ စီမံကိန်းဧရိယာထဲ ဒီကနေ့မနက်ပိုင်းက တာရိုးကျိုးပြီး မြစ်ရေဝင်ရောက်ခဲ့တာကြောင့် အလုပ်သမားနဲ့မိသားစုဝင်ခုနှစ်ဦး ရေစီးနဲ့အတူမျောပါပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်(၈)နာရီခွဲလောက်မှာ ယက်ကန်းတော်ရွာမှာရှိတဲ့ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တာရိုးကျိုးပေါက်ကာ ရုတ်ရက်မြစ်ရေဝင်လာတာလို့ ကူညီကယ်ရေးလုပ်ကိုင်နေသူ တဦးကပြောပါတယ်။

ဧရာဝတီမြစ်ထဲ မြေဖို့ကာ စီမံကိန်းလုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ငန်းခွင် တာရိုးကျိုးပြီး ရုတ်တရက် မြစ်ရေ ဝင်ရောက်ကာ လုပ်သားတွေနဲ့ မိသားစုဝင်တွေ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

 “ကယ်ဆယ်ရေးကတော့ လုပ်နေတုန်းပဲ ရေကလည်းဝင်နေတယ် သဲတွေဖို့ထားတဲ့အခြေအနေတွေဆိုတော့ ရှာဖွေရေးကနည်းနည်းခက်တာပေါ့။ ရေစုပ်ထုတ်ဖို့တော့ ပြင်ဆင်ထားကြတယ်”လို့အထက်ပါကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူကပြောပါတယ်။

အဲဒီစီမံကိန်းရှိ ရေဆိုးထုတ်မြောင်းလုပ်ငန်းခွင် အတွက် ဧရာဝတီမြစ်ရေ မဝင်ရန်တားထားတဲ့ အပိုင်းမှ ရေဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

“တာရိုးကျိုးသွားတဲ့သဘောမျိုးမဟုတ်ပါဘူး စီမံကိန်းထဲမှာသူတို့အထဲရေမဝင်အောင်တားတဲ့ တုတ်ကျိုးတဲ့သဘောဆိုတော့ တအားကြီးတော့ စိုရိမ်စရာမရှိပါဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူကပြောပါတယ်။

“လုပ်ငန်းခွင်သီးသန့် တာရိုး ကျိုးပေါက်တာမို့ တခြား လူနေရပ်ကွက်တွေကို ရေဝင်ရောက်မှု မရှိနိုင်ဘူး”လို့ လည်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာဧရာဝတီမြစ်ရေ မြင့်တက်လာနေတာကြောင့် ကမ်းနားလမ်းတလျှောက်မှာ သဲအိတ်တွေကာပြီး မြစ်ရေအခြေအနေကိုစောင့်ကြည့်နေရသလို အမရပူရမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်နဲ့ နီးတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာတော့ ရေဝင်ရောက်မှုရှိနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို မန္တလေးမြို့အနောက်ဖက် ဧရာဝတီမြစ်အရှေ့ဖက်ကမ်းရှိ ရေဝပ်ဧရိယာတွေကို မြေဖို့ပြီး မြို့သစ်စီမံကိန်းအဖြစ် စီးပွါးရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ပိုင်တဲ့ Mandalay Business Capital City Development  (MBCCD) ကုမ္ပဏီက လုပ်ကိုင်နေတဲ့ နာမည်ကျော် စီမံကိန်းတခုဖြစ်ပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကိုသမ္မတဟောင်းဦးသိန်းစိန် လက်ထက်မှာ ခွင့်ပြုခဲ့တာပါ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် – NLD အစိုးရ လက်ထက်မှာတော့စတင်အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။