မန္တလေးက ဇွဲထက်ရွှေဆိုင် ၂ ဆိုင်မှာ တချိန်တည်း ပေါက်ကွဲမှုဖြစ်ပွာ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဇွဲထက် ရွှေဆိုင် အမှတ် (၁၁) နဲ့ (၁၅) မှာ ဒီနေ့လယ်ပိုင်းက တချိန်တည်း တပြိုင်တည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး MFP သတင်းဌာနက ဖော်ပြပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနဲ့ လမ်း ၃၀ ထောင့်က ဆိုင်အမှတ် (၁၁) မှာ ဖောက်ခွဲခံရတာကြောင့် ဆိုင်ထဲက လူ (၁၀) ဦးလောက် ထိခိုက်ဒဏ်ရာရနိုင်လို့ လူမှုကူညီရေးလုပ်ဆောင်ပေးသူအချို့ဆီက သိရပြီး ‌သေဆုံးသူရှိမရှိကိုတော့ မသိရသေးပါဘူး။
အလားတူပဲ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၃) ရပ်ကွက်၊ ၆၂ လမ်း၊ ၁၀၉ လမ်းနဲ့ ၁၁၀ လမ်းကြားမှာရှိတဲ့ ဆိုင်အမှတ် (၁၅) မှာလည်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ဆိုင်အနီးရပ်ထားတဲ့ ဟိုက်ဂျစ် မော်တော်ယာဉ် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
ဇွဲထက်ရွှေဆိုင်ဟာ စစ်အုပ်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုနေကြပေမယ့် အတည်မပြုနိုင်သေးသလို ဆိုင်ဘက်ကလည်း တစ်စုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒီပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Source – MFP
ဓာတ်ပုံ၊ ပေးပို့