ကော့ကရိတ်ဘက် တက်လာတဲ့ စစ်ကားတစ်စီး ဆွဲမိုင်းမိပြီးနောက်ပြန်ပြေး ၂ ဦးသေ

ကရင်ပြည်နယ်၊ ကျုံဒိုးကနေ ကော့ကရိတ်ဘက် တက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ဆွဲမိုင်းမိပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ DNA ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။
ဒီနေ့မွန်းလွဲ ၃ နာရီလောက်မှာ ကျုံဒိုးနဲ့ကော့ကရိတ်ကြား ၇ တိုင်လမ်းဖြောင့်နေရာနားမှာ အကြမ်းဖက်စစ် ကား ၃ စီးကို KNLA၊ ကျားဖြူတပ်ခွဲ (၃) နဲ့ ဂဠုန်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီး မြောင်းထဲကျကာ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
‘ဆွဲမိုင်းမိပြီးတော့ ၅ မိနစ်ကျော်လောက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ ပြီးတော့ စစ်ကား ၂ စီး နောက်ပြန်ပြေးတော့ တယ်’ လို့ သူကပြောပါတယ်။
အဲဒီစစ်ကား ၃ စီးဟာ ဘားအံကနေလာတာဖြစ်ပြီး ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ကျုံဒိုးအခြေစိုက်တပ်ရင်း ၅၄၅ ထဲ ဝင်ခိုနေပြီးနောက် မွန်းလွဲ ၃ နာရီမထိုးခင် ကော့ကရိတ်ဘက် ဆက်ထွက်လာတာ ဖြစ်ပါတယ်။
ကော့ကရိတ်မြို့ခံ ပြည်သူတစ်ဦးက ကျုံဒိုးဘက်မှာ ပစ်ခတ်နေတယ်လို့ သတင်းကြားရကြောင်း မွန်းလွဲ ၃ နာရီကျော်မှာ ဆိုပါတယ်။
‘စစ်ခွေးတွေက လူယောင်ဆောင်ပြီး လူစီးကားတွေနဲ့ ခိုးကြောင်ခိုးဝှက်လာလို့ KNU က လမ်းပိတ်လိုက်တာ။ ဒီရက်ပိုင်း ကားတွေရှင်းနေတယ်’ လို့ သူကပြောပါတယ်။
ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေပေါ်မှာ ယာဉ်သွားလာဖြတ်သန်းမှုကို မတ်လ ၂၇ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းထားကြဖို့ KNU (ဒူးပလာယာခရိုင်) က ထုတ်ပြန်ပါတယ်။