ရေဘေးသင့် ကချင်ပြည်နယ်အတွက် NUG PAY သုံးစွဲသူတွေထည့်ဝင်တဲ့ ငွေကျပ်သိန်းနှစ်ရာကျော်လှူဒါန်း

Photo – CJ/NUG PAY

ဇူလိုင်၊ ၁၂

ဆယ်စုနှစ်တခုကျော်အတွင်း စံချိန်တင် ရေကြီးမှုနဲ့ကြုံခဲ့ရတဲ့ ကချင်ပြည်နယ်အတွက် NUG PAY ရဲ့ သဘာဝဘေး ရံပုံငွေကနေ ကျပ်သိန်း နှစ်ရာ့နှစ်ဆယ်ကျော်ကို ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ဆီ ပေးပို့လှူဒါန်းထားတယ်လို့ NUG PAY က အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုတခုဖြစ်တဲ့ NUG PAY ရဲ့ သဘာဝဘေး ဒဏ်ကူညီကယ်ဆယ်ရေး ရံပုံငွေအစီအစဉ်ဟာ သုံးစွဲသူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ထူထောင်ထားတာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ အခုလ ဇူလိုင်လပထမပတ်အထိ မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်ဒေသတချို့မှာ မိုးများပြီး မြစ်ရေမြင့်တက်တာကြောင့် မြစ်ကြီးနားအပါအဝင် မြစ်ကြောင်းတလျှောက်မြို့တွေမှာ မြို့လုံးကျွတ် နစ်မြုပ်တဲ့အထိ  ဆိုးဆိုးရွားရွား ရေကြီး၊ရေလျှံမှုတွေကြုံခဲ့ရပါတယ်။

ဒါကြောင့် NUG PAY ရဲ့ သဘောဝဘေး ရံပုံငွေအတွက် ထည့်ဝင်လှူဒါန်းမှုတွေကို ကချင်ဒေသက ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းမှာဖြစ်ကြောင်း NUG PAY ဖေ့စ်ဘွတ်ခ်စာမျက်နှာက အသိပေးခဲ့ပါတယ်။

ဒီလိုအသိပေးမကြေညာခင်ကတည်းက ရေဘေးသင့် ကချင်ဒေသခံတွေအတွက် ဆက်သွယ်လှူဒါန်းလာတာတွေ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

NUG PAY ရဲ့ သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေးရံပုံငွေ အစီအစဉ်ဟာ ဖြစ်စဉ်တခုတည်းအတွက် အချိန် ကာ လသတ်မှတ်လက်ခံတဲ့ အစီအစဉ်မျိုးမဟုတ်ဘဲ အချိန်မရွေးထည့်ဝင်လှူဒါန်းထားနိုင်ပြီး ရံပုံငွေရှိနေသမျှ အကူ အညီလိုအပ်နေတဲ့ သဘာဝဘေးသင့်ပြည်သူတွေဆီ လှူဒါန်းနေမှာဖြစ်တယ်လို့ NUG PAYကရှင်းပြထားပါတယ်။

NUG အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ NUG PAY လည်ပတ်မှု နှစ်နှစ်ပြည့် အ စီရင်ခံစာအရ NUG PAY ကိုလက်ရှိမှာ ပြည်တွင်းကတော်လှန်ရေးအင်အားစုတွေအပြင် နိုင်ငံပေါင်း ၂၈နိုင်ငံက သုံး စွဲသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကနေ အခုနှစ် ဇူလိုင်လအထိ စနစ်အတွင်း လည်ပတ်သုံးစွဲငွေတန်ဖိုး ကျပ်ဘီလီယံ ၁၅၀၀ ကျော်ရှိခဲ့တယ်လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကပြောထားပါတယ်။

NUG PAY စနစ်အတွင်း သုံးစွဲသူတွေကအမြဲတမ်း ရံပုံငွေထည့်ဝင်နိုင်တဲ့ အစီစဉ်နှစ်ခုရှိပြီး တော်လှန်ရေးကဏ္ဍ အတွက် လစဉ် ရံပုံငွေ ထည့်ဝင်နိုင်တဲ့ for our people campaign နဲ့ သဘာဝဘေးရံပုံငွေတွေဖြစ်ပါတယ်။

သဘာဝဘေးရုပုံငွေကိုတော့ ၂၀၂၃ခုနှစ် မေလအတွင်းမြန်မာနိုင်ငံဒေသအနှံ့ မိုခါမုန်တိုင်းဒဏ်ခံရချိန်မှာစတင် ထူထောင်ခဲ့တာဖြစ်ပြီး မုန်တိုင်းသင့်ပြည်သူတွေအတွက်စုစုပေါင်း သိန်းသုံးရာ့ငါးဆယ်ကျော်လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၂ခုနှစ်ဩဂုတ်လမှာစတင်ခဲ့တဲ့တော်လှန်ရေးကဏ္ဍ အတွက်လစဉ်ထည့်ဝင်နိုင်တဲ့ ရံပုံငွေအစီ အ စဉ်မှာတော့ စုစုပေါင်း သိန်း ၁၇၅၀ကျော်အထိရရှိခဲ့ကာ ဒေသအစုံကတော်လှန်ရေးအဖွဲ့အစည်း ၄၇ဖွဲ့ကို ထောက် ပံ့နိုင်ခဲ့သလို စစ်ဘေးရှောင်ပြည်သူတွေအတွက် မြွေဆိပ်ဖြေဆေးရံပုံငွေတွေအဖြစ် ပေးပို့လှူဒါန်းနိုင်ခဲ့တယ်လို့ NUG အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ဆုံဒေသမိုးများမှုနဲ့ မြစ်ရေမြင့်တက်မှုတွေကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ် ခဲ့တဲ့ ကချင်ပြည်နယ်မှာ လက်ရှိမှာတော့ ရေပြန်လည်ကျဆင်နေပေမယ့် အထက်ပိုင်းက မြစ်ရေတွေ ဆက်လက် စီးဆင်းလာတဲ့ အောက်ပိုင်းဒေသတွေမှာတော့ လက်ရှိ ရေကြီးနစ်မြုပ်မှုတွေဆက်ကြုံနေပါတယ်။

လက်ရှိမှာ မြစ်ရေမြင့်တက်မှုတွေကြောင့် စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းတွေထဲက မြို့ဆယ်နဲ့ချီ ရေကြီးနစ်မြှုပ် နေပြီး နေအိမ်အဆောက်အအုံတွေနဲ့ လမ်းတွေ ရေဖုံးလွှမ်းတာအပြင် အသီးအနှံစိုက်ခင်းတွေပါ ရေလွှမ်းလို့ပျက်စီး ဆုံးရှုံးတာတွေရှိနေပါတယ်။