ပစ်ခတ်ခံရပြီးပျံလွန်တဲ့ဆရာတော်ရုပ်ကလာပ်ကိုပဲခူးမြို့ကိုပြန်လည်ပင့်ဆောင်

Photo – Social Media

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း ခရီးသွားရင်းပစ်ခတ်ခံရကာ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်ကို သီတင်းသုံးရာပဲခူးမြို့က ကျောင်းတိုက်ဆီပြန်လည်ပင့်ဆောင်ခဲ့ပြီလို့ တပည့် သံဃာတော်တွေဆီကသိရပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ညတွင်းချင်းပြန်လည်ပင့်ဆောင်လာခဲ့တာဖြစ်ပြီး ဒီကနေ့မနက် အစောပိုင်း လေး နာရီလောက်မှာ ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့တပည့်သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေကအသိပေးထားကြပါတယ်။

ဆရာတော်ဟာ မန္တလေးမှာပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်း ဆောင် ရွက်ဖို့ ခရီးသွားရင်း မနေ့ နေ့လယ်ပိုင်းက ငါန်းဇွန်မြို့နယ်အတွင်းမှာ သူလိုက်ပါခဲ့တဲ့ကား ပစ်ခတ်ခံရလို့ ပျံလွန် တော်မူခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း ဆရာတော်ရဲ့ ဦးခေါင်းနောက်စေ့ကို လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရကာ သေ ဆုံးခဲ့တာလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း ဆရာတော်နဲ့အတူခရီးသွားတဲ့ မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်နဲ့ယာဉ်မောင်းတို့လည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ပျံလွန်စေခဲ့တဲ့ ပစ်ခတ်မှုကို PDF ဘက်က လုပ်တာလို့ စစ်ကောင်စီက စွပ်စွဲထုတ်ပြန် ထားပါတယ်။

ငါန်းဇွန်မြို့နဲ့ မြို့သာမြို့ကြား တနေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကိုမိုင်းဆွဲတိုက်ခိုက်တဲ့ PDF တွေနဲ့ နှစ်ဖက် အပြန် အလှန်ပစ်ခတ်နေချိန် ဆရာတော်နှစ်ပါးလိုက်လာတဲ့ကားကဖြတ်သန်းခဲ့ပြီး အဲ့ဒီကားကို PDF တွေဘက်ကပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီကဆိုထားပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက တစုံတရာထုတ်ပြန်ပြောဆိုတာ တုံ့ပြန်တာမရှိ သေးပေ မယ့် ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ စစ်ကောင်စီ  ထုတ် ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ပြောထားကြပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ စာချသက်တမ်း နှစ်ငါးဆယ်လောက်ရှိပြီဖြစ်တဲ့ ဆရာတော်တပါးဖြစ်သလို  စာသင် သား သံဃာတွေနဲ့ စာချသံဃာတွေ လက်ကိုင်ပြုမှီငြမ်းလေ့လာနေရတဲ့ ပရိယတ္တိသာသနာဆိုင်ရာ စာပေတွေရေး သားခဲ့ပါတယ်။

ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈နှစ်၊သိက္ခာတော် ၅၇ဝါ ရှိပြီဖြစ်တဲ့ ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ ယမကရှင်းတမ်း၊ရူပသိဒ္ဓိရှင်းတမ်း၊ဋီကာကျော်ရှင်းတမ်းစတဲ့ ပရိယတ္တိစာပေဆိုင်ရာ ရှင်းတမ်းတွေရေးသားခဲ့ တာကြောင့် ရှင်းတမ်းဆရာတော်လို့လည်းလူသိများပါတယ်။