ခုချိန်ထိတော့ ငါတို့ တောင့်ခံထားနိုင်ပါတယ်

ဇွန်၊ ၁၀

သတင်းဆောင်းပါး

အချိန်က မြန်မာစံတော်ချိန် ညနေ ၆ နာရီလောက်။ မိုးဉီးဝင်စ နေ့တွေဆိုတော့ နေအလင်းရောင်က မှိန်ပျောက်လုလု။ ဂိတ်ဆုံးတော့မယ် YBS ၈၈ ရဲ့ နောက်ဆုံးမှတ်တိုင်မှာ တက်သူမရှိ ဆင်းသူတွေချည်း။

“ ဟော…. ပြန်လာပြီဟဲ့ ” ဆိုတဲ့အသံနဲ့အတူ မသူဇာက အလုပ်ကပြန်လာတဲ့ သားဖြစ်သူကို အပြေးလေးသွားကြိုပါတယ်။

သားဖြစ်သူက အရောင်အဆင်းသစ်လွင်နေတဲ့ ကျောပိုးအိတ်လေးထဲက ငွေစက္ကူတချို့ကို ထုတ်ပေးရင်း “ ဆန်ဝယ်လို့ရရင် ဆန်ဝယ်နော် အမေ။ အလုပ်ကိုတော့ ထမင်းလေးထည့်သွားချင်လို့ပါ ” ဆိုတဲ့ စကားကို ပြောလိုက်ပါတယ်။

ဖုန်းစခရင်လေးကနေတဆင့် မြင်နေ၊ ကြားနေရတာမို့ တချို့လှုပ်ရှားမှုတွေကို တိတိကျကျ မသိရ၊ မျက်နှာအမူအရာကို သေချာမြင်ရပေမယ့် သားဖြစ်သူရဲ့ အသံဟာ ခပ်တိုးတိုး ခပ်လေးလေး။

မသူဇာရဲ့ “ ငါ… ဖုန်းချလိုက်တော့မယ် ” ဆိုတဲ့နောက်မှာတော့ ဒီမြင်ကွင်း ဒီအသံတွေနဲ့ အဆက်သွယ်ပြတ်သွားခဲ့ပါတယ်။

သူတို့မှာ မိသားစုဝင် သုံး ဉီးပဲရှိတာပါ။ အမျိုးသားဖြစ်သူက ကျူရှင်ဆရာဖြစ်ပြီး ၂၀၂၁ ခုနှစ် မှာဖြစ်ပွားတဲ့ အသေအပျောက်များလှတဲ့ကိုဗစ်တတိယလှိုင်းမှာအသက်မသေပေခဲ့ပေမဲ့ ကျူရှင်သင်လို့ရတဲ့ သက်လုံကတော့ ပျောက်ဆုံးသွားခဲ့ပါတယ်။

မသူဇာက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းဖြစ်တာကြောင့် အလုပ်ရှာဖို့အခက်အခဲဖြစ်ရတဲ့အခါ အိမ်မှာပဲ အထည်တွေကို ပုတ်ပြတ်နဲ့ယူချုပ်တဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။

တောင့်ခံထားဖို့အတွက် စုဆောင်းထားတာတွေကို ထုခွဲရောင်းချစရာ ကုန်သွားတဲ့အခါမှာ ပိုလီယိုကြောင့် မသန်စွမ်းဖြစ်နေရတဲ့ သားဖြစ်သူကို လုပ်ငန်းခွင်ထဲပို့ရပါတော့တယ်။

လက်ရှိမှာတော့ မိသားစုဝင်ငွေဟာ ငွေကျပ် သုံးသိန်းဝန်းကျင်ရှိပေမယ့် သားဖြစ်သူရဲ့ဝင်ငွေရော သူ့ဝင်ငွေရောက လစာရယ်လို့ တလုံးတည်းရတာမျိုး မဟုတ်တော့ မီးဖိုချောင်အတွက် ငွေကြေးစီမံဖို့ ခက်ခဲတယ်လို့ သူကရှင်းပြပါတယ်။

“ ငါတို့ ဆန်ကွဲကိုတောင် ချက်မစားနိုင်လို့ ဆန်ပြုတ်လုပ်သောက်နေရတာ သုံး ရက်ရှိပြီ ” ဆိုတဲ့ စာလေးကို ဝမ်းနည်းနေတဲ့ အီမိုဂျီလေးတွေ သုံးပြီး သူက စာရေးသူဆီကို ပေးပို့လာပါတယ်။

ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က နှစ်စဉ်ထုတ်ပြန်နေတဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံတွင်းက စားနပ်ရိက္ခာဖူလုံနိုင်မှု၊ ငတ်မွတ်ခေါင်းပါးမှု အညွှန်းကိန်းဟာ ဆက်တိုက်မြင့်တက်လာနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီလိုအပ်နေသူတွေ ၁၈ သန်းကျော်ရှိနေပြီး ဒါဟာ တနှစ်အတွင်းမှာ တက်လာခဲ့တဲ့ အညွန်းကိန်းပဲဖြစ်ပါတယ်။

ဒါအပြင် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရတဲ့ လူဉီးရေဟာ ၁၃ သန်းကျော်ရှိနေတယ်လို့ WFP ရဲ့ စာရင်းတွေမှာ တွေ့မြင်ရပါတယ်။

ဒီအမျိုးအစားနှစ်ခုကို ပေါင်းလိုက်ရင် ဒါဟာ မြန်မာ့လူဉီးရေရဲ့ ထပ်ဝက်ကျော်ဟာ စားနပ်ရိက္ခာ မလုံခြုံမှုကို ခံစားနေရတာဖြစ်တယ်ဆိုတဲ့ အဖြေကို မြင်နိုင်ပါတယ်။

စားနပ်ရိက္ခာလုံခြုံမှု(Food Security) ဆိုတာ လူတွေဟာ အဟာရပြည့်ဝတဲ့ အစားအစားတွေကို လုံလုံလောက်လောက်စားသုံးနိုင်တာကို ခေါ်ဆိုတယ်လို့ ဖွင့်ဆိုကြတာရှိပါတယ်။

တချို့ပညာရှင်တွေကတော့ အစားအစာတွေဟာ တက်ကြွပြီး ကျန်းမာတဲ့ ဘဝနေမှုပုံစံအတွက် မိမိနှစ်သက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံလည်းဖြစ်ရမယ်လို့ ဆိုပါတယ်။

“ မိုးလင်းလာတာနဲ့ ဒီလအတွက် နောက်လအတွက် ဆန်ဘယ်လိုဝယ်ရမလဲ ဆိုတဲ့ အတွေးနဲ့စရတာ ” လို့ မသီတာက ပြောပါတယ်။

သူဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ထမင်းဆိုင်ဖွင့်ထား သူတဉီးပါ။

လွန်ခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ လူလတ်တန်းစားအဖြစ် စီးပွားရေးကြပ်တည်းမှု ဒဏ်ရာကို မမြင်သာခဲ့ပေမဲ့ ယခုလို အရှိန်နဲ့ငွေဈေးထိုးကျသွားချိန်မှာတော့ ထမင်းဆိုင်ကို ဆက်ဖွင့်နိုင်ဖို့ကို ရုန်းကန်လာရတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးသက်‌ရောက်မှုတွေအပြင် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ စိုက်ပျိုးရေးလုပ်နိုင်တဲ့ နေရာတွေလျော့နည်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ မသီတာက ယူဆသုံးသပ်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းCRPH အဖွဲ့က အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတဉီးက အခုလိုရှင်းပြပါတယ်။

 “ ကျွန်မတို့ဆီမှာတော့ စိုက်ပျိုးမြေရဲ့ ၈၀ ရာခိုင်နူန်းလောက်ကို စိုက်ပျိုးရေးလုပ်ပါတယ်။ SAC (စစ်ကောင်စီ)က မီးရှို့တာ ဖျက်ဆီးတာတွေ လုပ်လည်းပဲ ပြန်စိုက်ကြပါတယ်။ ဘာလို့ဆို ကျွန်မတို့ဆီကို အပြင်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လာဖို့ခက်တဲ့အခါ ကိုယ့်အထဲမှာပဲပြန်ဖြေရှင်းနိုင်ဖို့ စိုက်ပျိုးရေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်  ”

စစ်ကိုင်းတိုင်းနည်းတူ စစ်ကြောင်းအမြဲတမ်းရှိမနေတဲ့ နေရာအများစုမှာ စိုက်ပျိုးရေးကို ရအောင်လုပ်ကိုင်နေကြပါတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါဆိုရင် စားနပ်ရိက္ခာဖူလုံရဲ့လားဆိုတဲ့ မေးခွန်းကို သူက သက်ပြင်းတချက်ချလိုက်ရင်း “ မေးရက်လိုက်တာ ” လို့ ဖြေပါတယ်။

စိုက်ပျိုးရေးကို ကြိုးစားလုပ်ကိုင်နေပေမယ့် တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် ပျက်ဆီးမှုဟာ စိုက်ပျိုးထားတာရဲ့ ထက်ဝက်နီးပါးရှိကြောင်း၊ ယခင် စိုက်ဧက အပြည့်စိုက်နိုင်ချိန်မှာတုန်းကတောင်မှ အခြေခံ စားသောက်ကုန်တွေကို ကုန်သွယ်ခဲ့ရကြောင်း၊ လက်ရှိစိုက်ပျိုးထားတာတွေဟာ ပဋိပက္ခဒေသတွေမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာရဲ့ ငါးရာခိုင်နူန်းလောက်သာ ဖူလုံနိုင်ကြောင်း စသဖြင့် သူက DNA ကိုရှင်းပြပါတယ်။

စိုက်ပျိုးရေး လုံးဝမလုပ်နိုင်တဲ့ ပဋိပက္ခဒေသတွေမှာတော့ ရိက္ခာရှားပါးမှု အဆင့်မဟုတ်ဘဲ ငတ်မွတ်ခေါင်းပါးမှု အဆင့်ထိရောက်နေပြီလို့ တကိုယ်တော်ပရဟိတ အလုပ်တွေလုပ်နေတဲ့ ကိုဖိုးဇော်က ဆိုပါတယ်။

သူက ကရင်နီနယ်အတွင်းမှာ ပရဟိတအလုပ်တွေ လုပ်နေသူဖြစ်ပြီး အလှူရှင်တွေလက်လှမ်းမမီတဲ့ နေရာတွေအထိ သွားရောက်ကူညီနိုင်ဖို့ ရှာဖွေကြိုးစားနေသူ တဉီးပါ။

“ စစ်ရှောင်ရင်း တောခေါင်ခေါင်ကြီးထဲကိုရောက်သွားကြတဲ့သူတွေရှိတယ်။ သူတို့နေတဲ့နေရာမှာ တိုက်ပွဲတွေမရှိဘူးဆိုပေမယ့် စိုက်ပျိုးရေးလည်း မလုပ်နိုင်ဘူး။ လုပ်ဖို့လည်း မျိုးစေ့ကစလို့ ဘာမှမရှိဘူး။ အဲ့တော့ သစ်ခေါက်ခွာစား ဘာညာပေါ့ အဲ့လိုထိရှိတယ် ” လို့ ကိုဖိုးဇော်က ပြောပါတယ်။

မိသားစု ဆယ်စုကျော်ရှိပြီး လူဉီးရေ ခုနှစ်ဆယ် လောက်ရှိတဲ့ စစ်ရှောင်စခန်းတခုမှာ အသက် ဆယ်နှစ်အောက် ကလေးတွေဟာ ပုညှက်သေးကွေးနေပြီး ဗိုက်ပူနံကားလေးတွေဖြစ်နေကြတယ်လို့ သူက သူမြင်တွေ့ခဲ့ဖူးတာကို ပြန်ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အသက်ငါး နှစ်အောက် ကလေးလေးဦးမှာ တဦးစီဟာ ပုညှက်ခြင်း (၎င်းတို့၏အသက်အရွယ်အလိုက် အရပ်လျှော့ခြင်း) ကို ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အဟာရမပြည့်ဝခြင်းကြောင့် အရပ်နဲ့ ကိုယ်အလေးချိန် ဖွံ့ဖြိုးမှု မတူညီခြင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုနှစ်ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံအတွက် AFO နဲ့ WFP က လူသားလုံခြုံရေးဆိုင်ရာ အကူအညီပေးနေတာတွေရှိပေမယ့် ထိထိရောက်ရောက် မကူညီနိုင်သေးဘူးလို့ သူတို့ကိုယ်တိုင်က ယူဆထားပါတယ်။

လှိုင်သာယာမှာနေထိုင်ပြီး WFP ရဲ့ စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေရရှိဖူးတဲ့ သူတွေကတော့ ဒီထောက်ပံ့မှုဟာ မိသားစုဝင် သုံးဦးရှိတဲ့ မိသားစုအတွက် တပတ်စာ အခြေခံစားသောက်ကုန်တောင် ဝယ်လို့မရဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆန်၊ စပါး ကို အခြေခံစားသောက်ကုန်အဖြစ် စားသုံးကြတဲ့နိုင်ငံပါ။

လက်ရှိအချိန်မှာတော့ ဒီအခြေခံစားစရာဖြစ်တဲ့ ဆန်ကို အလွယ်တကူဝယ်မရတာ၊ ဈေးနူန်းတွေ အရမ်းမြင့်တက်နေတာ၊ ထုတ်လုပ်နိုင်မှုတွေကျဆင်းနေပေမယ့် စစ်ကောင်စီကတော့ တလကို ဆန်တန်ချိန် သိန်းနဲ့ချီပြီး ပြည်ပကိုပို့နေဆဲပါပဲ။

စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ ဧပြီလက ပြည်ပပို့တဲ့ ဆန်တန်ချိန်ဟာ ခုနှစ် လအတွင်းအနိမ့်ဆုံးဖြစ်တာတောင် ဆန်တန်ချိန်ပေါင်း တသိန်းတသောင်းကျော်တင်ပို့ခဲ့တာပါ။

UNHCR ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ ပဋိပက္ခဒေသတွေနဲ့ မြို့ပြက ဆင်းရဲတဲ့မိသားစုတွေဟာ ငတ်မွတ်ခေါင်းပါးခြင်း အန္တရာယ်ကို အဆိုးဆုံး ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Food Insecurity လို့ခေါ်တဲ့ စားနပ်ရိက္ခာမလုံခြုံမှု တနည်းအားဖြင့် စားနပ်ရိက္ခာမဖူလုံမှု၊ ငတ်မွတ်ခေါင်းပါးမှုဟာ Human Security လို့ခေါ်တဲ့ လူသားလုံခြုံမှု မရှိခြင်း၊ လူသားလုံခြုံမှုကို ချိုးဖောက်ခံနေရခြင်းသာ ဖြစ်ပါတယ်။

Human Security မှာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုံခြုံမှု၊ အချုပ်အခြာအာဏာစတာတွေအပြင် စားနပ်ရိက္ခာလုံခြုံမှုလည်းပါဝင်တာပါ။

Food Insecurity လို့ဆိုလိုက်ရင် စားနပ်ရိက္ခာမဖူလုံမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေအပြင် ကုန်ဈေးနှုန်းများရုတ်ချည်း တက်လာတာလည်း ပါဝင်ပါတယ်။

မကြာသေးခင်က မြန်မာငွေစျေးရုတ်တရတ်အပြင်းအထန်ကျဆင်းပြီး ရွှေတကျပ်သားသိန်းခြောက်ဆယ်နီး၊ အမေရိကန်တဒေါ်လာ ငါးထောင်နီးပါး၊ ထိုင်းတဘတ်ကို ၁၃၀ ကျပ်နီးပါးဖြစ်သွားခဲ့သလို အထွေထွေကုန်စျေးနှုန်းတွေ ရုတ်ခြည်းမြင့်တက်ခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်ကတပြည် ၂,၅၀၀ ကျပ်တန်ဆန်တပြည်ဟာ အခုအချိန်မှာ ခုနှစ်ထောင်ကျော်၊ ရှစ်ထောင်နီးပါး၊ တပြည်၁,၅၀၀ ကျပ်ရှိခဲ့တဲ့ ဆန်ကြမ်းဟာလည်း ငါးထောင်နီးပါးအထိ ရှိနေပါတယ်။

ဒါ့ကြောင့် အခြေခံလူတန်းစားတွေဟာ ဆန်နဲ့ ဆန်ကြမ်း၊ ဆန်နဲ့ ဆန်ကွဲရောစားနေရတာတွေရှိလာသလို ဆန်ကွဲစားနေရတဲ့သူတွေလည်းရှိလာကြပါတယ်။

လွန်ခဲ့တဲ့တလက တထုတ်ရှစ်ရာတန် အသင့်စားခေါက်ဆွဲဟာ တထောင်၊ သုံးရာတန်ကော်ဖီမစ်တထုတ်ဟာ လေးရာ၊ ခုနှစ်ရာတန် အအေးတဗူးဟာ ၈၅၀ ကျပ် စသဖြင့် ကုန်စျေးနှုန်းဟာ နေ့စဉ်နဲ့အမျှတက်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံစားကုန်ဖြစ်တဲ့ စားအုန်ဆီစျေးနှုန်းဟာ စစ်ကောင်စီတရားဝင်စျေးနှုန်းမှာပင် ခြောက်ထောင်နီးပါးသတ်မှတ်ထားပေမဲ့ ပြင်ပပေါက်စျေး တသောင်းနှစ်ထောင်အထိ ပေးဝယ်နေရတာပါ။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP )ဟာ ရန်ကုန်မြို့က အဆင်းရဲဆုံးမြို့နယ်ရှစ်မြို့က အခြေခံလူတန်းစားပေါင်း သုံးထောင်ကျော်ကို စာရင်းကောက်ယူပြီး၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ ရက်ကတွေ့ရှိချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစစ်တမ်းမှာ အိမ်ထောင်စုတွေဟာ ဝင်ငွေကျဆင်းလာလို့ လွန်ခဲ့တဲ့တဲ့ ၁၂ လအတွင်း အဟာရပြည့်ဝလုံလောက်အောင် မစားသုံးနိုင်ဘူးလို့ ဖြေဆိုတာတွေရှိသလို ဖြေဆိုသူတွေရဲ့ ၃၅ ဒဿမ ၇ ရာခိုင်နှုန်းကတော့ ဝင်ငွေမရှိလို့ အစားလျှော့စားခဲ့ရတယ်လို့ဖြေဆိုတဲ့အကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအခြေအနေတွေအပြင် ယုံကြည်ချက်၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်ခက်ခဲတဲ့ အခြေအနေတွေကိုပါ ရင်ဆိုင်နေရတဲ့ မသူဇာကတော့

“ ခုချိန်ထိတော့ ငါတို့ တောင့်ခံထားနိုင်ပါတယ် ဟာ ” တဲ့။