နိုင်ငံခြားငွေအရောင်းအဝယ်လုပ်သူတွေကို စစ်ကောင်စီဆက်လက်ဖမ်းဆီးနေ

Photo – RFA

ဇွန်၊ ၄

ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ဆိုပြီး နိုင်ငံခြားငွေအရောင်း အဝယ်လုပ်သူ ၁၄ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားသလို နောက်ထပ်လည်း ဖမ်းဆီးမှုတွေ ဆက် လုပ်နေတာကြောင့် အများစုတိမ်းရှောင်နေကြရတယ်လို့ အဲ့ဒီလုပ်ငန်း အသိုင်းအဝိုင်းဆီကသိရပါတယ်။

“ရှေ့နှစ်ပတ်လောက်ကတည်းက အဖမ်းအဆီးတွေရှိနေတာ၊အခုတော့ အများစုက ရှောင်နေကြတော့ ဈေးကွက် လှုပ်ရှားမှုကတော့ မရှိသလောက်နည်းသွားတယ်” လို့လုပ်ငန်း အတွေ့အကြုံဆယ်နှစ်ကျော်ရှိတဲ့ရန်ကုန်မြို့က နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ကိုင်သူတဦးကပြောပါတယ်။

ပွဲစားတွေအပါအဝင် နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ၁၄ဦးကို ဖမ်းဆီးစစ်ဆေးနေသလို နောက်ထပ် ၁၁ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက မနေ့ ည ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုဖမ်းဆီးမှုတွေလုပ်တာဟာ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်လုပ်တာကြောင့်လို့ စစ်ကောင်စီကဆိုထားပေမယ့် အဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းကတော့ ဈေးကွက်မတည်မငြိမ်ဖြစ်အောင် လုပ်နိုင် သူတွေဟာ စစ်ကောင်စီရဲ့စီမံမှုတွေမှားယွင်းတာ၊စစ်ကောင်စီနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ ဈေးကစားမှု တွေကြောင့်သာဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။

“သူတို့ထုတ်မရောင်းလို့ဖြစ်တာလေ၊ဈေးတွေထိုးတက်တော့လည်း အဲ့ဒီလူတွေကပဲ အရင်ထုတ်ရောင်းကြတာ၊ အခုလိုကာလ ဈေးတွေပြန်ကျရင် သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်း တွေပဲ လိုက်ဝယ်ထားကြတာလေ။ ပြီးရင် သူတို့ပဲ ဈေးတက်အောင်ပြန်စောင့်ရောင်းတာပဲ”လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေအရောင်းအဝယ်လုပ် သူ တဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေကိုသာမက အလုပ် သမားတွေကိုပါ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေထဲ လတ်တလောလုပ်ငန်းလုပ်ကိုင်မှုမရှိသူတချို့လည်း ပါဝင်နေ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ တရှိန်ထိုးမြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားငွေအရောင်းအဝယ်လုပ်သူအများအပြားကိုဖမ်းဆီးတာ၊ဝရမ်းထုတ်တာတွေဆက် တိုက်လုပ်နေတာပါ။
ဒီလိုဖမ်းဆီးမှုတွေကြောင့် မေလ ၃၀ရက်က တကျပ်သား ကျပ် ၅၈သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့တဲ့ ၁၆ပဲရည် ရွှေ တကျပ်သား ၅၂သိန်းကျော်အထိ ကျဆင်းခဲ့သလို အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးဈေးတွေ လည်း ကျဆင်းလာပါတယ်။

အမေရိကန်ဒေါ်လာ တဒေါ်လာကိုအမြင့်ဆုံးဈေးအဖြစ် မေလ ၃၀ရက်က ကျပ် ၄၈၀၀ဝန်းကျင်အထိ မြင့်တက် ခဲ့ရာက ဒီကနေ့မှာ ကျပ် ၄၂၀၀ ဝန်းကျင်သာပေါက်ဈေးရှိတော့သလို မေလ ၃၀ရက်က ၁၃၀ကျပ်ဝန်းကျင်အထိ ရှိခဲ့တဲ့ ထိုင်းငွေ တဘတ်ကို ဒီကနေ့မှာ ၁၁၅ကျပ်ဝန်းကျင်သာရှိနေပါတယ်။

အလားတူ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ပြည်တွင်းမှာ တရားမဝင် ရောင်းချခဲ့သူနဲ့ ဝယ်ယူထားသူ လေးဦး ကိုလည်း ဖမ်းဆီးစစ်နေပြီး နောက်ထပ် ဖမ်းဆီးမှုတွေလည်း ထပ်လုပ်မယ်လို့ စစ်ကောင်စီက မနေ့ညကပဲ ထုတ် ပြန်ပါသေးတယ်။

ပုဇွန်တောင်မြို့နယ် ၅၁လမ်းမှာ ရုံးခန်းဖွင့်ထားတဲ့ Minn Thu ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်ကျော်ထွန်း နဲ့အထွေ ထွေမန်နေဂျာ ဦးမင်းသူကျော်တို့ဟာ သက်ဆိုင်ရာကိုသတင်းပို့ခွင့်ပြုချက်မယူဘဲ ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ ထိုင်းနိုင်ငံကွန်ဒိုတိုက်ခန်း အရောင်းပြပွဲနှစ်ကြိမ်ပြုလုပ်ကာ ရောင်းချခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် Minn Thu ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနဲ့ တိုက်ခန်းဝယ်ယူခဲ့သူ သုံးဦးကို ဖမ်းဆီးထားပြီး Minn Thu ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမင်းသူကျော်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေ ရောင်းချမှုကြောင့် ဦးအောင်ကျော်ထွန်းနဲ့ ဆက်စပ်သူတွေ ဖမ်းဆီးခံရတဲ့နောက် စစ်ကောင်စီဟာ နိုင်ငံခြားငွေကြေး အရောင်းအဝယ်လုပ်ကိုင်သူတွေကိုပါ ဆက်လက်ဖမ်းဆီးနေတာလို့ နိုင်ငံခြား ငွေရောင်းဝယ်သူတွေကပြောပါတယ်။

“ဦးအောင်ကျော်ထွန်းကနေ ဇာတ်လမ်းစတာ၊သူပါသွားတော့ မီးခိုးကြွက်လျှောက်လိုက်ဖမ်းနေတာ” လို့ နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးကဆိုပါတယ်။