ဖယ်ဒရယ်ပညာရေးကျောင်းတက်တဲ့ ပုသိမ်ခရိုင်က ကလေးဆယ့်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အွန်လိုင်းကသင်ကြားပေးတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ဖယ်ဒရယ်အခြေခံပညာရေး ကျောင်းမှာ ၉ တန်း၊ ၁၀ တန်း တက်နေကြတဲ့ ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းက ကျောင်းသူ၊ ကျောင်းသား (၁၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့တယ်လို့ ရဲ တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်ခရိုင် အတွင်းမှာရှိတဲ့ ပုသိမ်မြို့နယ်နဲ့ ငပုတောမြို့နယ်အတွင်းက အသက် (၁၅) နှစ်နဲ့ (၁၆) နှစ်ကြား မိန်းကလေးသုံးဦးနဲ့ ယောင်္ကျားလေးကိုးဦးကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက နိုဝင်ဘာ (၁၂ ) ရက်ကစပြီး သုံးရက်ဆက်တိုက် ဖမ်းခဲ့တာလို့ ဆိုပါတယ်။
“ကလေးတွေကို ဖမ်းတုန်းက သိမ်းယူထားတဲ့ ဖုန်းတွေထဲက အကောင့်တွေကနေတဆင့် စာပို့ဆက် သွယ်ပြီး လိုက်ဖမ်းနေတာ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် (၁၅) နှစ်နဲ့ (၁၆) နှစ်အရွယ် အထက်တန်း ကျောင်းသူ၊ ကျောင်သားတွေဖြစ်ပြီး စစ်ကောင်စီရဲ့ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့)၊ အက်စ်ဘီ(ရဲအထူးသတင်းတပ်ဖွဲ့) နဲ့ ဒန (ဒုစရိုက်နှိမ်နှင်း ရေးတပ်ဖွဲ့) တို့က စုံစမ်းထောက်လှမ်း ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ အွန်လိုင်းကသင်တဲ့ ဘာသာရပ်ဆိုင်ရာ ပညာရေးကျောင်းတွေ သင်တန်းတွေကို တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ အများအပြား ရှိနေပြီး အဲဒီလို ကျောင်းတွေကို တက်တဲ့သူ တွေကို ဖမ်းဆီးတာအပြစ်ပေးတာမျိုးတွေအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ကျင့်ထုံးတွေ မရှိဘူးလို့ ဥပဒေပညာရှင် တချို့က ပြောပါတယ်။

“လူတိုင်း ပညာသင်ကြားခွင့်ဟာ မွေးရာပါ လူ့အခွင့်အရေးပါ၊ ကိုယ်ကံကြမ္မာ ကိုယ်ရွေးချယ် ဖန်တီးနိုင်တဲ့ အခွင့်အရေး ဒီလို ပိတ်ပင်တယ် တားဆီးတယ် ဖမ်းဆီးတယ်ဆိုတာ အာဏာသိမ်း စစ် ကောင်စီက လူ့ အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာ” လို့ လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူများကွန်ရက် အဖွဲ့ဝင်တဦးက ဝေဖန်ပါတယ်။

အသက် ၁၈ နှစ်မပြည့် သေးတဲ့ ကလေးငယ်တွေကို ဖမ်းဆီး ချုပ်နှောင်တာဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အခွင့်အရေး ဥပဒေနဲ့ မညီညွတ်တာကြောင့် ဖမ်းထားတဲ့ ကလေးတွေကို အုပ်ထိန်းသူ မိဘတွေဆီ ပြန်လည်အပ်နှံသင့်တယ်လို့ CDM ကျောင်းဆရာ တဦးကလည်း ပြောပါတယ်။

ဖမ်းဆီးခံ ကလေးတွေရဲ့ မိဘတွေ ၊မိသားစုဝင်တွေနဲ့ ဒေသခံတွေကတော့ ဖမ်းထားတဲ့ ကလေးတွေကို နှိပ်စက်ရိုက်နှက်ကြမှာ လုပ်ကြံအမှုဆင်ပြီး ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့် တရားစွဲ ထောင်ချလိုက်မှာ စိုးရိမ်နေကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ကလေးတွေကို ပုသိမ်မြို့ မြို့မရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။