ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံထားရတဲ့ ရခိုင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာရှားပါးလာ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့ ဒေသတွေမှာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှု ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စားသောက်ကုန်တွေ ရှားပါးလာသလို စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

လက်ရှိမှာ ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ကုန်စည်အဝင်မရှိသလောက်ဖြစ်နေပြီး အရင်ကတည်းရှိနေတဲ့ လက်ကျန်ကုန်စည်တွေကိုပဲ အားထားနေရတာကြောင့် စျေးနှုန်းတွေလည်း မြင့်တက်လာတာဖြစ်တယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“နောက်ပိုင်းဆိုရင် ဒီဘက်မှာက စားဝတ်နေရေး တော်တော်လေးအဆင်မပြေဖြစ်လာကြတော့မယ့် အခြေအနေရှိတယ်၊ မောင်တော မြောက်ဘက်၊ တောင်ဘက်မှာဆိုရင် ပိုဆိုးတာပေါ့၊ မောင်တော မြောက်ဘက်၊ တောင်ဘက်က မောင်တောကိုမှီခိုပြီး လုပ်စားနေရတာလေ၊ ရွာမှာလည်းငတ်တဲ့လူတွေငတ် အဲ့လိုတွေဖြစ်နေကြပြီ”လို့ သူကပြောပါတယ်။

ရခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တွေကြား တကျော့ပြန်တိုက်ပွဲတွေဖြစ်အပြီးမှာ စစ်ကောင်စီက ဘူးသီးတောင်၊မောင် မြို့အဝင်အထွက်တွေကို ရေလမ်းရော ကုန်းလမ်းမှာပါပိတ်ဆို့ထားပြီး ကုန်စည်စီးဆင်းမှုလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပိတ်ဆို့ဖြတ်တောက်ခံထားရတာကြောင့် လက်ရှိအဲ့ဒီဒေသတွေမှာ စားသောက်ကုန်စျေးနှုန်း နှစ်ဆလောက်မြင့်တက်နေပြီး ဆန်ကြမ်းတအိတ် ကျပ်တသိန်းကျော် ကြက်ဥတလုံး လေးရာ လောက်နဲ့ဝယ်ယူစားသုံးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက ရခိုင့်တပ်တော်(AA)နဲ့ စစ်ရေးတင်းမာမှုတွေရှိတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကိုဖြတ်လေးဖြတ်ပုံစံမျိုး လုပ်ဆောင်ထားပြီး အခုလိုသာ စစ်ကောင်စီဘက်က ဆက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင် ဒေသခံတွေအနေနဲ့ အငတ်ဘေးဆိုက်မယ့် အခြေအနေတွေအထိပါဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ကုန်တွေအဆမတန်ဈေးတက်နေတာကြာပြီ၊ ဒေသ တွင်းမှာအခြေခံကုန်စည်တွေပြတ်နေတာ၊စစ်ဖြစ်ရာဒေသတွေကပိုများလာတော့ စစ်တပ်က ဖြတ်လေး ဖြတ်လုပ်တဲ့ နေရာတွေပါများလာတယ် ၊ရခိုင်က ရေလမ်း၊ကုန်းလမ်းရှိပေမဲ့ ပိတ်ဆို့ထားတယ်၊ နယ်စပ်ကလည်း ဘင်္ဂလားဆိုတော့ ဘာမှကု န်သွယ်မရ” လို့ ရခိုင်မြောက်ပိုင်းဒေသနဲ့ အဆက် အသွယ်ရှိတဲ့ ပြည်ပရောက် ရွှေ့ပြောင်းမြန်မာ တ ဦးကလည်း ပြောပါတယ်။

လက်ရှိတိုက်ပွဲ တွေကြောင့်အပြင် ၂၀၂၀ခုနှစ်အထိ တိုက်ပွဲတွေကြောင့်လည်း ရခိုင်မြောက်ပိုင်း ဒေသ တွေမှာလက်ရှိအချိန်အထိနေရပ်မပြန်နိုင်သေးတဲ့စစ်ဘေးရှောင်တွေလည်းရှိနေတာပါ။

စစ်ကောင်စီက ရခိုင်ပြည်နယ်တွင်းက စစ်ရေးတင်း မာမှုရှိတဲ့ဒေသတွေမှာ ကုန်စည်စီးဆင်းမှု ကိုပိတ်ဆို့ထားတဲ့အပြင် ပြည်တွင်း၊ပြည်ပ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့တွေကိုလည်း သွား လာခွင့်ကန့်သတ်ထားပါသေးတယ်။

ဒါ့အပြင် နှစ်နဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ အတင်းအကျပ်ဖိ အားပေးတာတွေလည်း စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့လတွေကတည်းကဆက် တိုက်လုပ်နေတာပါ။