ဖျာပုံထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး နှိပ်စက်ခံရလို့ ထောင်ထဲက နိုင်ကျဉ်းတွေ အသံတိတ်ဆန္ဒပြနေ

ဧရာဝတီတိုင်း ဖျာပုံထောင်ထဲမှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ်နိုင်ငံရေးအကျဉ်းသားတဦးကို ထောင် အရာရှိတဦး ဥပဒေမဲ့ ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အဲ့ဒီထောင်အရာရှိကို အရေးယူပေးဖို့ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ တန်းမစီဘဲ ဆန္ဒပြနေကြတယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖျာပုံထောင်တွင်းက နိုင်ငံရေအကျဉ်းသားတွေဟာ ထောင်ပိုင်တန်းစီ နေ့ဖြစ်တဲ့ နိုဝင်ဘာ(၄)ရက်မှာ တန်းမစီဘဲ စတင် ဆန္ဒပြခဲ့တာဖြစ်ပြီး ဒီကနေ့မှာလည်း တန်းမစီဘဲ နှစ်ရက်မြောက်အဖြစ် ဆက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ထောင်တွင်းက လူငယ်နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုစံလင်းစံဆိုသူကို ‌နေ့လယ်အိပ်ဆောင်ပိတ်ပြီးချိန်မှာ ထောင် အရာရှိတဦးက ထောင်ပိုင်ရုံးခန်းထဲ ခေါ်သွားပြီး လက်ပြန်ကြိုးတုပ်ကာ ထိုးကြိတ်ကန် ကျောက်ခဲ့ တဲ့အပြင် ကျင်စက်နဲ့ တို့ပြီး နှိပ်စက်ခဲ့တဲ့အပေါ် ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေက မကျေနပ်လို့ ဆန္ဒပြနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လူငယ်နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံဟာ ကျဉ်စက်တချောင်း အားကုန်တဲ့အထိ တို့ပြီး နှိပ်စက်ခံရတဲ့အပြင် တခြား ကျင်စက်တချောင်းနဲ့လည်း ထပ်တို့ခံရပြီး ဒဏ်ရာတွေနဲ့သတိလစ်နေချိန်မှာ ထောင်အရာရှိဖြစ်သူ ဇော် ထွန်းဦးက တိုက်ပိတ်ထားခဲ့တယ်လို့ ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

အဲ့ဒီလို နှိပ်စက်ခံရတဲ့ကိုစံလင်းကို ဒဏ်ရာတွေဆေးကုသခွင့်ရဖို့နဲ့ ဥပဒေမဲ့ နှိပ်စက်ခဲ့တဲ့ ထောင်အရာရှိကို ဥပဒေ အတိုင်း အရေး ယူပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုဆန္ဒပြကြနေတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ် သူက ပြောပါတယ်။

ထောင်တွင်း ဆန္ဒပြမှုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့ ထောင်အာဏာပိုင်တွေက မြို့ခံ စစ်ကောင်စီ တပ်ရင်းကို အကြောင်းကြားခေါ်ယူခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ထောင်မှူးတဦးနဲ့ အ ကျဉ်း သားတွေ ညှိနှိုင်းခဲ့တာကြောင့် ပစ်ခတ်နှိမ်နင်းမှုတွေတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေကို ဦးတည်ဖိနှိပ်တာ၊ အကျဥ်းသား အခွင့်အ ရေးနဲ့ လူ့အခွင့်အရေးဆိုးဆိုးရွားရွား ချိုးဖောက်ခံရတာတွေကြောင့် အကျဥ်း ထောင်အများအပြားမှာ ထောင်တွင်းဆန္ဒပြပွဲ တွေမကြာမကြာ ဖြစ်လေ့ရှိပါတယ်။