အရိုင်း မှ အယဉ် သို့ 

၁။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှု လိုအပ်နေပါတယ်။ မြန်မာ့ပညာရေးသမိုင်းစဉ် တစ်လျှောက်လုံးမှာ၊ ဝါဒဖြန့်ချိရေးပြဋ္ဌာန်းစာတွေနဲ့ ကြီးပြင်း ရှင်သန်လာကြရတာတွေ့ရပါတယ်။ မြန်မာပညာရေးဟာ — လူတွေကို ချစ်တတ်ဖို့ မသင်၊ ယုံကြည်တတ်ဖို့ မသင်၊ ကြင်နာတတ်ဖို့ မသင်။ ယှဉ်ပြိုင်တတ်အောင်၊ အနိုင်ရအောင်၊ အစွဲကြီးအောင်သာ သင်ကြားတာကို တွေ့ရတယ်။ 

၂။ ကလေးတွေကို ငယ်စဉ်ကတည်းက ချစ်တတ်အောင် မသင်တဲ့အခါမှာ၊ အရိုင်းစိတ်ဝင်တဲ့ လူရမ်းကားတွေ ဖြစ်လာတတ်ပါတယ်။ ဒေါသသင့်တဲ့ လူ့အဖွဲ့အစည်းကို အနာဂတ်ကာလတွေအထိ လက်ဆင့်ကမ်းသလို ဖြစ်နေတတ်ပါတယ်။ ဒေါသအဆောက်အအုံကြီးစိုးတဲ့ မြန်မာပြည်မှာ၊ ဒေါသသင့်နေတဲ့ လူကြီးတွေက အရိုင်းစိတ်ရှိတဲ့ မျိုးဆက်တွေကို‌ မွေးထုတ်နေပါတယ်။  

၃။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ သတိနဲ့ ဆင်ခြင်တုံတရား ကပ်နေတဲ့ ပညာတတ်အမြောက်အမြား လိုပါတယ်။ နိုင်ငံရေးဇာတ်ထဲမှာ မျောပါ နစ်ဝင်နေတဲ့ ကိုယ်ကျင့်ဗီဇတွေဟာ အရိုင်းစိတ်တွေနဲ့ ဒေါသသင့်လူ့အဖွဲ့အစည်းကို မီးထိုးပေးနေပါတယ်။ ပညာရေးရဲ့ သင်ကြားချက်မှာ — ကြောက်အောင် မသင်ရဘူး၊ သံသယဖြစ်အောင် မသင်ရဘူး၊ ယုံကြည်မှုရှိအောင် သင်ရမယ်၊ တွေးခေါ်တတ်အောင် သင်ရမယ်။ ရန်လိုစိတ်အားကြီးပြီး လုံခြုံရေးအထိုင်က စဉ်းစားလွန်းရင် လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်း ကျုံ့ဝင်သွားမှာပဲ။ ပိုပြီး ကျယ်ပြန့်လာတာမျိုး မဖြစ်တော့ဘူး။ ဒါဆိုရင် အပိတ်စိတ်နဲ့ လူတွေကို ထိတွေ့ ဆက်ဆံတော့မှာပဲ။ အပိတ်စိတ်ဟာ လူကို မတိုးတက်စေသလို၊ လူ့အဖွဲ့အစည်းကိုလည်း မဖွံ့ဖြိုးစေဘူး။ 

၄။ ပညာရေးမှာ အမြင် ရှုထောင့် ပြောင်းလဲရေးဟာ အရေးကြီးပါတယ်။ နိုင်ငံရေးဇာတ်သွင်းခံနေရတဲ့ ပညာရေးမှာ — ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာဟာ အခရာဖြစ်ဖို့ မလွယ်ကူပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးတာမျိုး မလုပ်နိုင်သေးသရွေ့၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ အရိုင်းအစိုင်းဖြစ်နေပါလိမ့်မယ်။ ရိုင်းနေသရွေ့ ပဋိပက္ခတွေကို မချုပ်ငြိမ်းနိုင်ပါ။ အသစ်အသစ်သော ပဋိပက္ခတွေကို လောင်စာထိုးပြီး မီးတိုက်ဖို့ အကြောင်းတရားတွေ လုံလောက်နေပါလိမ့်မယ်။ 

၅။ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ ဖြစ်ထွန်းဖို့ သမာသမတ်ကျသော ပညာတတ်တွေ၊ ပရော်ဖက်ရှင်နယ်ဖြစ်သော ပညာတတ်တွေ အမြောက်အမြား အလိုရှိပါတယ်။ လူ့အဖွဲ့အစည်းဟာ ထာဝရဖြစ်ပြီး ပဋိပက္ခတွေဟာ ယာယီဖြစ်ပါတယ်။ ရေတို ရေရှည် ချင့်တွက်ပြီး အမြော်အမြင်ရှိရှိနဲ့ ကိုယ်ခံအားကျနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို ပညာရေးနည်းနဲ့ မြှင့်တင်ကြဖို့ ဖြစ်ပါတယ်။ ဒီ့အတွက် ဆိုင်ရာဆိုင်ရာကဏ္ဍနယ်ပယ်တွေကနေ နှိုးဆော်တိုက်တွန်းပြီး သတိမပြတ် တပ်လှန့်နေကြဖို့ ဖြစ်ပါကြောင်း…..။ 

အယ်ဒီတာ 

၁၄ ၊ နိုဝင်ဘာ၊ ၂၀၂၂။