အိန္ဒိယမှာ အပူလျှပ်လို့ နှစ်ရက်အတွင်း လူသုံးဆယ်ကျော်သေ

REUTERS/Navesh Chitrakar/File Photo

ဂျွန် ၊ ၁

အိန္ဒိယမှာ အပူလျှပ်လို့ နှစ်ရက်အတွင်း လူပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

မေလ ၃၀နဲ့ ၃၁ ရက်နေ့တွေတုန်းက ဘီဟာ၊ ယူတာပရာဒေ့ရှ်နဲ့ ဩရိသ ပြည်နယ်တွေထဲမှာ အပူလျှပ်လူနာပေါင်း ၃၃ ဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အပူလျှပ် သေဆုံးသူ ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အိန္ဒိယ ရွေးကောက်ပွဲ တာဝန်ရှိသူ တချို့လည်း ပါဝင်ခဲ့ပါတယ်။ အိန္ဒိယမှာ ရွေးကောက်ပွဲတွေကို လနဲ့ချီ ရှည်ရှည်လျားလျား ကျင်းပလေ့ရှိပြီး လက်ရှိ အပူလွန်ကဲတဲ့ ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် ရွေးကောက်ပွဲမှာ ပါဝင်သူတွေ ထိခိုက်နိုင်ကြောင်း သတိပေးမှုတွေ အရင်ကတည်းက ရှိနေခဲ့ပြီးသားပါ။

အခု သီတင်းပတ်ထဲမှာတော့ အိန္ဒိယရဲ့ မြို့တော် ဒေလီဟာ မကြုံစဖူး စံချိန်တင် အပူချိန်အဖြစ် ၅၂.၉ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်တာကို ကြုံတွေ့ခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းတွေအတွင်း အိန္ဒိယ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အပူချိန် ကျဆင်းလာမယ်လို့ ခန့်မှန်းရပေမယ့် အရှေ့ဖက်ပိုင်းမှာတော့ အပူလှိုင်းဖြတ်တဲ့ သက်ရောက်မှုဟာ အတော်ကြာ တည်တံ့နေဖွယ် ရှိပါတယ်။

အပူဒဏ်ကြောင့် ဘီဟာမှာ တနေ့တည်းနဲ့ လူ ၁၄ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အိန္ဒိယ ရွေးကောက်ပွဲအတွက် အလုပ်လုပ်နေတဲ့ တာဝန်ရှိသူ ၁၀ ဦး ပါဝင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ယူတာ ပရာဒေ့ရှ်မှာ လုံခြုံရေး ဝန်ထမ်းတွေ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အပူလွန်ကဲ့တာကြောင့် ဒေလီမြို့တော် တိရစ္ဆာန် ဥယျာဉ်မှာလည်း မျောက်တွေနဲ့ ငှက်တွေ အပါအဝင် မျိုးစိတ်တချို့ ချွေးထွက်လွန်ပြီး မူးလဲတာ၊ နာမကျန်းဖြစ်တာတွေ ကြုံနေရတာတယ်။ ဒါကြောင့် မွေးမြူထားတဲ့ တိရစ္ဆာန် ၁၂၀၀ ကျော်အတွက် ရေပန်းတွေ၊ ရေကန်တွေ စီစဉ်ပေးနေရပါတယ်။

ဒါပေမဲ့ မုတ်သုံ မိုးရာသီဟာ နိုင်ငံရဲ့ တောင်ဖက်စွန်းက ကီရာလာကို မေလ ၃၀ ရက်နေ့မှာ စတင်ဝင်ရောက်ခဲ့ပြီး မူလ ခန့်မှန်းထားတာထက် နှစ်ရက်စောခဲ့တယ်လို့ သိရပါတယ်။

Ref: BBC