အိန္ဒိယမှာ BF.7 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှု တရုတ်လောက် အခြေအနေ မဆိုးနိုင်ဘူးလို့ဆို

အိန္ဒိယမှာ ပျံ့နှံ့ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာလောက် ပြင်းထန်ဆိုးရွားတဲ့ သက်ရောက်မှုတွေ မရှိနိုင်လောက်ဘူးလို့ ထိပ်တန်း ဆေးသိပ္ပံ ပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Omicronကနေ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲလာပြီး BF.7လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် တရုတ်နိုင်ငံမှာ နေ့စဉ် ကူးစက်နှုန်း ကြောက်ခမန်းလိလိ မြင့်တက်နေပါတယ်။ တရုတ် အစိုးရက ရောဂါကြောင့် သေပျောက်မှု စာရင်းကို အတိအကျ မထုတ်ပြန်ပေမယ့် ဆေးရုံတွေ၊ နာရေး ကူညီမှု ဌာနတွေနဲ့ သင်္ချိုင်းတွေမှာ မတန်တဆ ဝန်ပိနေတဲ့ အခြေအနေတွေအရ ရောဂါကြောင့် သေဆုံးသူ အများအပြား ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။

 

BF.7ဟာ တရုတ်ရဲ့ အိမ်နီးချင်း အိန္ဒိယမှာလည်း ပျံ့နှံ့ ကူးစက်မှုတွေ ရှိနေတာကြောင့် အိန္ဒိယဟာလည်း တရုတ်လို အကျပ်အတည်းမျိုး ကြုံလာမလားဆိုတဲ့ စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ အိန္ဒိယ ဆဲလ်မော်လီကျူး ဇီဝဗေဒဌာန (CCMB)ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဗင်နေး နန်ဒီကူရီကတော့ BF.7ဟာ တရုတ်မှာလိုမျိုးတော့ အိန္ဒိယမှာ အကြီးအကျယ် ထိခိုက်မှုတွေ ဖြစ်မလာနိုင်လောက်ဘူးလို့ သုံးသပ်ပြပါတယ်။

 

အကြောင်းရင်းကတော့ တရုတ်ဟာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား တစ်ခုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုကို အခုမှ နဖူးတွေ့ဒူးတွေ့ စရင်ဆိုင်ရတာဖြစ်ပြီး အိန္ဒိယသားတွေကတော့ Omicron အရင်မျိုးကွဲတွေ ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ကောင်းကောင်း ရထားတာကြောင့်လို့ သူက ရှင်းပြပါတယ်။ ဒီတော့ Omicronရဲ့ ဆင့်ပွားမျိုးကွဲ တစ်ခုဖြစ်တဲ့ BF.7ဟာ အိန္ဒိယအတွက် ဧရာမ ခြိမ်းခြောက်မှုကြီး မဟုတ်တော့ကြောင်း ဒေါက်တာ နန်ဒီကူရီက ဆိုတယ်။

 

ဒါပေမဲ့ အိန္ဒိယသားတွေ အနေနဲ့ အလွန်အကျွံ ပေါ့ဆနေတာမျိုး မဟုတ်ဘဲ နှာခေါင်းစည်းတပ်တာ၊ လက်ပုံမှန်ဆေးတာ၊ လူစုလူဝေးကို ရှောင်တာမျိုး ကိုဗစ် တိုက်ဖျက်ရေး အခြေခံ စည်းမျဉ်းတွေကို လိုက်နာဖို့တော့ သူက တိုက်တွန်းခဲ့ပါတယ်။

 

Omicronဟာ ကူးစက်နှုန်း အရမ်းမြန်ပေမယ့် Delta မျိုးကွဲတုန်းကလိုတော့ ရောဂါလက္ခဏာတွေ ပြင်းထန်နိုင်ခြေ အရမ်းမမြင့်ကြောင်း၊ ဒါကလည်း အိန္ဒိယ နိုင်ငံသားတွေဟာ ကိုဗစ်နဲ့ ပတ်သက်ရင် လူစုလူဝေးနဲ့ ကိုယ်ခံအား တည်ဆောက်မှု (Herd Immunity) ရထားပြီးသားမို့ ဖြစ်ကြောင်း၊ အရင် ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်တာ ခံရရင်း ဒီလို ကိုယ်ခံအားမျိုး ရသွားတာဖြစ်ကြောင်း ဒေါက်တာ နန်ဒီကူရီက ပြောပါတယ်။

 

အိန္ဒိယဟာ အရင်က ကိုဗစ် ကူးစက်မှု လှိုင်းတွေအတွင်း ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့ဖူးပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အိန္ဒိယမှာ ကိုဗစ် ကူးစက်ခံရသူ ၄၄.၇ သန်းနီးပါးရှိပြီး ၅ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။