တက္ကဆက်စ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို မိကျောင်း ပါးစပ်မှာ သေဆုံးလျက်သား ရှာတွေ့ 

မေ၊ ၃၁

အမေရိကန်နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီး တယောက်ရဲ့ ရုပ်အလောင်းကို မိကျောင်းတကောင်ရဲ့ ပါးစပ်မှာ ရှာတွေ့ခဲ့ပါတယ်။ 

တက္ကဆက်စ် ပြည်နယ်ထဲက ဟူစတန်မြို့မှာ အာဏာပိုင်တွေက လူသားရုပ်ကြွင်း အပိုင်းအစတွေ ကိုက်ချီထားတဲ့ မိကျောင်းကို တွေ့ရှိတဲ့နောက် ပစ်ခတ် သုတ်သင်ခဲ့ရပါတယ်။ ရုပ်အလောင်းဟာ ပျောက်ဆုံးနေသူလို့ ယူဆရတဲ့ အချက်အလက်တွေ တွေ့ရပေမယ့် DNA စစ်ဆေး အတည်ပြုမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

မြစ်ထဲမှာ ရှိနေတဲ့ မိကျောင်းဟာ ကျည်ဆန်ထိမှန် သေဆုံးသွားတဲ့နောက် ရေငုပ်သမား တဦးက မြစ်အောက်ခြေကို ငုပ်လျှိုးဆင်းသက်ပြီး အခြေအနေကို စုံစမ်းခဲ့ပါတယ်။ မိကျောင်းပါးစပ်မှာ တွေ့ခဲ့တဲ့ အလောင်းဟာ ပျောက်ဆုံးနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ဖြစ်မယ်လို့ ဟူစတန် ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

နောက်ဆက်တွဲ ရင်ခွဲ စစ်ဆေးမှုတွေမှာတော့ မိကျောင်းကိုက်လို့ အမျိုးသမီး သေဆုံးတာလား၊ ဒါမှမဟုတ် သေဆုံးပြီးသား အခြေအနေမှာ မိကျောင်းအစား ခံရတာလား ဆိုတာကို ဖော်ထုတ်ဖို့လည်း ရည်ရွယ်ထားပါတယ်။

လွန်ခဲ့တဲ့ ၈ လလောက်တုန်းကလည်း ဖလော်ရီဒါမှာရှိတဲ့ လာဂိုမြို့မှာ အမျိုးသမီး တဦးရဲ့ ရင်ဘတ် အပိုင်းအစကို ၁၃ ပေရှည်တဲ့ မိကျောင်းတကောင်က ကိုက်ချီလာတာ တွေ့ရှိလို့ တာဝန်ရှိသူတွေက မိကျောင်းကို ပစ်သတ်ခဲ့ရဖူးပါတယ်။ အဲဒီဖြစ်စဉ်မှာ သေဆုံးသူဟာ အသက် ၄၁ နှစ်အရွယ် ဆာဘရီနာ ပက်ခ်ဟမ်းဆိုသူဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အဲဒီ မတိုင်ခင် လပိုင်းလောက်တုန်းကလည်း ဖလော်ရီဒါမှာရှိတဲ့ ဖို့တ်ပီရာ့စ်မှာ ခွေးနဲ့အတူ လမ်းလျှောက်ထွက်တဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးကြီး တဦးကို ၁၀ ပေ အရှည်ရှိတဲ့ မိကျောင်းတကောင်က တိုက်ခိုက် သတ်ဖြတ်ခဲ့ဖူးပါတယ်။

ဖလော်ရီဒါမှာ လူကို မိကျောင်းက ရန်ပြုတဲ့ ဖြစ်စဉ်တွေ ကြုံရတတ်ပေမယ့် တက္ကဆက်စ်မှာတော့ အတော်ရှားပါးတဲ့ ကိစ္စမျိုးလို့ ဆိုနိုင်ပါတယ်။ တက္ကဆက်စ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မိကျောင်း တိုက်ခိုက်မှုက ၂၀၁၅ ခုနှစ်တုန်းကဖြစ်ပြီး အောရင့်ဂျ်မြို့မှာ ရေကူးနေတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို မိကျောင်းဆွဲသွားခဲ့တာ ဖြစ်ပါတယ်။

Ref: BBC