အစ္စရေးရဲ့ ဂါဇာထိုးစစ် ချက်ချင်းရပ်ဖို့ ICJ ကြားဝင်ဆုံးဖြတ်၊ အစ္စရေးက လိုက်နာဖွယ်မရှိ

မေ ၊ ၂၅

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေး စစ်တပ်ရဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ကြားဝင်ဆုံးဖြတ်လိုက်ပါတယ်။

တောင်အာဖရိက အစိုးရက ပါလက်စတိုင်း ပြည်သူတွေ ကြုံနေရတဲ့ အန္တရာယ်တွေကြောင့် ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့ကို ဦးတည်နေတဲ့ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေ ဆိုင်းငံ့စေရေး ကြားဝင် ဆုံးဖြတ်ပေးဖို့ ကုလသမဂ္ဂ လက်အောက်ခံ အဆင့်အမြင့်ဆုံး တရားရေး ဌာနဆီ ချဉ်းကပ် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့မှာတော့ ICJက တောင်အာဖရိကရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အပြီးသတ် ကြားနာ စစ်ဆေးပြီး ရာဖာဟ်ကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့ အစီအစဉ်တွေကို ကြားဝင် တားဆီးလိုက်တာပါ။ ဒါပေမဲ့ ICJဟာ ဒီကိစ္စမှာ အစ္စရေးက မဖြစ်မနေ လိုက်နာရမယ် ဆိုတာမျိုး ဖိအားပေးနိုင်တဲ့ အခွင့်အာဏာတော့ မရှိပါဘူး။

ဒါ့အပြင် အစ္စရေးကလည်း ICJ စီရင်ချက်ကို လေးစားလိုက်နာမယ့် အခြေအနေ မရှိဘဲ ဂါဇာက စစ်ဆင်ရေးတွေကို မူလ အစီအစဉ်အတိုင်း ရှေ့ဆက် လုပ်ဆောင်သွားမယ့် သဘောထားမျိုး ပြသထားပြီးသားပါ။ ဒါပေမဲ့လည်း ICJ ကြားဝင်လာမှုကြောင့် အစ္စရေးဟာ ဂါဇာအရေးကို ဗဟိုပြုပြီး နိုင်ငံတကာနဲ့ ပိုမိုကင်းကွာလာနိုင်တဲ့ သဘောပါပဲ။

တခြား နိုင်ငံတကာ တရားရေး အဖွဲ့အစည်း တခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကလည်း ဂါဇာစစ်ပွဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးနဲ့ ဟားမားစ် ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ICJရဲ့ စီရင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစ္စရေးဆီက လောလောလတ်လတ် တုံ့ပြန်ဖြေရှင်းမှု မရှိသေးပေမယ့် ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူနဲ့ နီးစပ်သူတွေကတော့ ICJဟာ ဂျူးဆန့်ကျင်ရေး အခြေခံတဲ့ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုး ချခဲ့တာလို့ ဝေဖန်ထားပါတယ်။

လက်ရှိ အခြေအနေအရ အစ္စရေး တင့်ကားတွေ အပါအဝင် မြေပြင်တပ်တွေဟာ ရာဖာဟ်ကို တရွေ့ရွေ့ ချဉ်းကပ်လာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အရှိန်မြှင့်တင်လာနေပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် မြို့ထဲမှာ ပိတ်မိနေသူ သန်းဂဏန်းအတွက် နိုင်ငံတကာက စိုးရိမ်နေကြပေမယ့် အစ္စရေးကတော့ ဟားမားစ်ကို အမြစ်ဖြတ်ဖို့အတွက် ရာဖာဟ်ကို မဖြစ်မနေ တိုက်ခိုက်ရမယ်လို့ ခေါင်းမာမာနဲ့ ပြောကြားထားဆဲ ဖြစ်ပါတယ်။

Ref: CAN