အစ္စရေးနဲ့ ဟားမားစ် ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုအတွက် ဝရမ်းထုတ်ဖို့ ICC စီစဉ်နေ

မေ၊ ၂၁

အစ္စရေးနဲ့ ဟားမားစ် ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ​(ICC) ရှေ့နေချုပ်ရဲ့ ပြောဆိုမှုကို နှစ်ဖက်စလုံးက တင်းတင်းမာမာ ကန့်ကွက်ခဲ့ပါတယ်။

ICCရဲ့ ရှေ့နေချုပ်ဖြစ်သူ ကာရင်ခန်က ဂါဇာစစ်ပွဲ ကာလတလျှောက် အစ္စရေးရော၊ ဟားမားစ်ပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။ ခန်က အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူ၊ ကာကွယ်ရေးဝန်ကြီး ယိုဟန် ဂဲလန့်၊ ဂါဇာအခြေစိုက် ဟားမားစ်ရဲ့ ခေါင်းဆောင် ယာရာ ဆင်ဝါတို့ကို ဖမ်းဝရမ်း ထုတ်သင့်ကြောင်း ICCဆီ တင်ပြ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရှေ့နေချုပ်ရဲ့ အဆိုပြုချက်ကို ICC တရားသူကြီး အဖွဲ့တခုက ကြားနာ စစ်ဆေးပြီးမှ တကယ်တမ်း ခွင့်ပြုသင့် မပြုသင့်ကို ဆုံးဖြတ်သွားမှာပါ။

ခန်ရဲ့ ကြေညာချက်ကို ကြားသိသိပြီးချင်းမှာပဲ အစ္စရေးရော၊ ဟားမားစ်ဖက်ကပါ တူးတူးခါးခါး ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

နေတန်ညာဟုက သူ့လိုမျိုး ဒီမိုကရေစီနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ နိုင်ငံခေါင်းဆောင် တဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သူတွေနဲ့ တတန်းတည်း ဆက်ဆံတဲ့ ICC လုပ်ရပ်ဟာ ရွံရှာစရာ ကောင်းလွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အစိုးရကလည်း အစ္စရေးနဲ့ ဟားမားစ်ကို တန်းညှိလို့ မရဘူးလို့ ICC လုပ်ဆောင်ချက်အပေါ် ဝေဖန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဟားမားစ်တွေဖက်ကလည်း ခန်ရဲ့ စကားတွေဟာ ဆိုးရွားပြီး ယုတ္တိ ကင်းမဲ့လွန်းတယ်လို့ ရှုတ်ချ ကန့်ကွက်ခဲ့ပါတယ်။

ခန်က အောက်တိုဘာ ၇ ရက်နေ့မှာ အစပြုခဲ့တဲ့ ဂါဇာစစ်ပွဲတလျှောက် ပါလက်စတိုင်း အရပ်သားတွေ အများအပြား သေကြေခဲ့တဲ့ ဖြစ်ရပ်တွေမှာ အစ္စရေး အစိုးရရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေသလို ဟားမားစ်တွေကလည်း အရပ်သားတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ လိင်အကြမ်းဖက်မှု ကျူးလွန်တာ၊ ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ နှိပ်စက်တာတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထား အများကြီး ရရှိထားတယ်လို့ ပြောပါတယ်။

အစ္စရေးဟာ ICC အဖွဲ့ဝင်နိုင်ငံတခု မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်တမ်း ဝရမ်းသာ ထုတ်လိုက်မယ်ဆိုရင် ICC အဖွဲ့ဝင် ၁၂၄ နိုင်ငံဆီ နေတန်ယာဟူ သွားရောက်ချိန်မှာ သူ့ကို ဖမ်းဆီးပေးဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရဆီ တရားရုံးဖက်က အကူအညီ တောင်းခံနိုင်မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက ICC တောင်းဆိုချက်အတိုင်း ကျိန်းသေ လိုက်လျောပေးဖို့တော့ တာဝန်မရှိပါဘူး။

ICCဟာ မနှစ်တုန်းကလည်း ယူကရိန်း စစ်ပွဲမှာ ယူကရိန်း ကလေးငယ်တွေကို အဓမ္မ ဖိအားပေး ရွှေ့ပြောင်းစေမှုနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ယုံကြည်တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ဖူးပါတယ်။

Ref: AP