
ဒီကနေ့ ဖျက်ဆီးခံလိုက်ရတဲ့ ကျုံပျော်မြို့က ဗိုလ်ချုပ်ရုပ်ထုကို ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီတာဝန်ယူနေချိန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က စိုက်ထူထားခဲ့တာဖြစ်ပါတယ်။
၂၊ ဇူလိုင်။
ဧရာ၀တီတိုင်း ၊ ကျုံပျော်မြို့ ၊ အောင်ဆန်းရပ်ကွက်မှာ တည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စစ်တပ်က ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်း လေးနာရီဝန်းကျင်မှာ အဓမ္မ လာရောက်ဖယ်ရှားသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မနက်လေးနာရီလောက်မှာ စစ်သားတွေအများကြီးနဲ့ စည်ပင်ကလူတွေ လာဖယ်သွားတယ်။ ရုပ်ထုကရိန်းနဲ့ တင် ယူသွားတယ်။ ဘယ်ကို ယူသွားမှန်းမသိဘူး။ မြို့ခံတချို့တွေ့လိုက်တယ်။ ဘာမှ ပြောလို့မရဘူး။ လုံခြုံရေးအပြည့်ချပြီး ဖယ်သွားတာဆိုတော့” လို့ ကျုံပျော်မြို့ခံလူငယ်တဦးက ပြောပါတယ်။
စစ်တပ်က ဗိုလ်ချုပ်ရုပ်ထုဖယ်ရှားနေချိန် ပြည်သူအချို့က မဖယ်ဖို့ တားမြစ်ခဲ့ပေမယ့် နှင်ထုတ်ခံခဲ့ကြရ တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ကျုံပျော်မြို့တွင်း စစ်တပ်က လုံခြုံရေးယူထားဆဲဖြစ်တယ်လို့ အဆိုပါမြို့ခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တခြားမြို့မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်ထုတွေကိုလည်း ဖယ်ရှားဖို့အသံထွက်နေတယ်လို့ နောက်ထပ်ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။
“ဘယ်လိုကြောင့် ဖယ်လဲတော့ မသိဘူး။ ယတြာတွေ ဘာတွေလား မပြောတတ်ဘူး။ ဒီကောင်တွေက ဒါတွေကို မတရားယုံတယ်လေ။ ရုပ်ထုတွေ ဖယ်မယ်လို့တော့ ကြားနေတယ်” လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။
ဒီကနေ့ ဖျက်ဆီးခံလိုက်ရတဲ့ ကျုံပျော်မြို့က ဗိုလ်ချုပ်ရုပ်ထုကို ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီတာဝန်ယူနေချိန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က စိုက်ထူထားခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်ထုတွေကိုလည်း မနေ့ က ဇူလိုင် ၁ ရက်နေ့မှာ ဖယ်ရှားခဲ့တယ်လို့သိရပါတယ်။